Mytel တာဝါတိုင် ဖျက်ဆီးခံမှု ၁၀၀ နီးပါးရှိလာ

၁၈၊ စက်တင်ဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ ဝင်ငွေစီးဆင်းမှုတွေကို ဖြတ်တောက်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူပိတ်ဆို့မှုတွေ လုပ်သလို ပြည်တွင်းမှာလည်း သူတို့လုပ်ငန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ မြင့်တက်ခဲ့ပါတယ်။

အဲဒီထဲမှာ မြန်မာစစ်တပ်နဲ့ ဗီယက်နမ်ကာကွယ်ရေးစစ်တပ်တို့ရဲ့ ပူးပေါင်းလုပ်ငန်းတခုဖြစ်တဲ့ Mytel ဆက်သွယ်ရေးကုမ္ပဏီလည်း ပါဝင်ပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ တော်လှန်ရေးစတင်ပြီလို့ အရေးပေါ်ကြေညာချက်ထုတ်ပြီးနောက် စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းစုတွေနဲ့ လူတချို့ ကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်တိုက်ဆိုသလို မြင့်တက်ခဲ့ပါတယ်။

မြန်မာနိုင်ငံတစ်လွှားမှာ ဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင် ၁၀၀ နီးပါးရှိလာပြီ ဖြစ်ပါတယ်။ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရတဲ့ ဗီဒီယိုဖိုင်တွေလည်း လူမှုစာမျက်နှာတွေမှာ ပျံ့နှံခဲ့ပါတယ်။

စက်တင်ဘာ ၁၂ရက်နေ့က ထုတ်ဝေတဲ့ စစ်အုပ်စုရဲ့ သတင်းစာတစောင်မှာတော့ Mytel တာဝါတိုင် ၆၈ ခု ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုပိုင် ဆက်သွယ်ရေးကုမ္ပဏီ Mytel တာဝါတိုင်တွေ ဖျက်ဆီးခံရပြီးနောက် မြန်မာပြည်မှာ လူပေါင်း ၇ သိန်းလောက်ဟာ အင်တာနက်ပြတ်တောက်နေတယ်လို့ သတင်းတွေကို ကိုးကားပြီး Reuter သတင်းဌာနက ဖော်ပြပါတယ်။

အဓိကအားဖြင့် မြန်မာနိုင်ငံကျေးလက်ဒေသမှာရှိတဲ့ Myel တာဝါတိုင်တွေ ဖျက်ဆီးခံရတာဖြစ်ပြီး အဲဒီထဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာလည်း ပါပါတယ်။

Mytel လုပ်ငန်းဟာ စစ်တပ်ရဲ့ စီးပွားရေးဒေါက်တိုင်ဖြစ်လို့ အခုလိုတိုက်ခိုက်ဖျက်ဆီးရတာလို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဆက်သွယ်ရေး လုပ်ငန်းတွေကို စစ်အုပ်စုက ထိန်းချုပ်တာတွေ ရှိလာလို့ သုံးစွဲပြည်သူတွေဟာ လက်ရှိမြန်မာပြည်တွင်းက ဆက်သွယ်ရေး လုပ်ငန်းတွေအပေါ် အယုံအကြည်မဲ့လာခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ MPT ၊ Ooredoo ၊ Telenor ၊ Mytel ဆက်သွယ်ရေးကုမ္ပဏီ ၄ခုရှိပြီး စစ်အာဏာသိမ်းပြီးနောက် ဇူလိုင်လမှာ Telenor ကတော့ ဘက်လနွန်အခြေစိုက် ကုမ္ပဏီ M1 Group ကိုရောင်းချလိုက်ပြီဖြစ်ပါတယ်။