နည်းပြဘဝ ပွဲတစ်ထောင်ပြည့်မှာ နိုင်ပွဲရခဲ့တဲ့ မော်ရင်ညို

၁၃၊ စက်တင်ဘာလ၊ ၂၀၂၁။

မနေ့ညက ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ ဆာဆူအိုလို ပွဲစဉ်မှာ ရိုးမားနည်းပြ မော်ရင်ညိုဟာ နည်းပြသက်တမ်း တလျှောက် ပွဲပေါင်းတစ်ထောင် ပြည့်မြောက်ခဲ့ပါတယ်။ မော်ရင်ညိုဟာ နည်းပြဘဝ ဘင်ဖီကာအသင်းနဲ့ စတင်ခဲ့ပြီး ကိုင်တွယ်ခဲ့တဲ့အသင်း လက်ရှိ ရိုးမားအပါအဝင် အသင်းပေါင်း ၉ သင်းရှိခဲ့ပါတယ်။

မနေ့က ဆာဆူအိုလိုနဲ့ ပွဲစဉ်မှာတော့ နည်းပြမော်ရင်ညိုဟာ နည်းပြသက်တမ်းတစ်လျှောက် ပွဲပေါင်းတစ်ထောင် ပြည့်မြောက်တဲ့ ပွဲမှာ နိုင်ပွဲနဲ့ အောင်ပွဲခံနိုင်ခဲ့တာပါ။

မော်ရင်ညို ဦးဆောင်နေတဲ့ ရိုးမားအသင်းဟာ အခုနှစ် စီးရီးအေ ပြိုင်ပွဲမှာ တာထွက်ကောင်းနေသလို ဆာဆူအိုလိုအသင်းနဲ့ ပွဲစဉ်အပြီး ပွဲစဉ် ၃ ပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေတဲ့ ရိုးမားရဲ့ လက်ရှိခြေစွမ်းကလည်း တိုက်စစ်၊ ခံစစ် မျှတနေသလို မော်ရင်ညိုရဲ့ ဦးဆောင်မှုအောက်မှာ အလုပ်ဖြစ်နေတာပါ။

ဆာဆူအိုလိုနဲ့ ပွဲစဉ်မှာ ရိုးမားအသင်းအနေနဲ့ အိမ်ကွင်းမှာ ရမှတ်တစ်မှတ်သာ ရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကွင်းလယ်လူ အယ်ရှာရာဝီရဲ့ မိနစ် ၉၀+၁ မိနစ်မှာ သွင်းခဲ့တဲ့ နောက်ကျဂိုးကြောင့်သာ မော်ရင်ညိုရဲ့ ပွဲတစ်ထောင်ပြည့်မှာ နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ခဲ့တာပါ။

နိုင်ပွဲနဲ့ ပတ်သက်လို့ မော်ရင်ညိုက “ငါတို့ ကံကောင်းလို့ နိုင်ခဲ့တာပါ။ နိုင်ပွဲအတွက် ကလေးတစ်ယောက်လို ပြေးလွှားမိခဲ့တယ်”လို့ ပြောပါတယ်။ “၅၈ နှစ်အရွယ် မဟုတ်ဘဲ ၁၂ နှစ်သားတစ်ယောက်လို ခံစားခဲ့ရတယ်”လို့လည်း မော်ရင်ညိုက ဆိုပါတယ်။

မော်ရင်ညိုရဲ့ နည်းပြသက်တမ်းတလျှောက် ကိုင်တွယ်ခဲ့တဲ့ ပွဲတစ်ထောင်မှာ နိုင်ပွဲ ၆၃၈ ပွဲ၊ သရေပွဲ ၂၀၄ ပွဲ၊ ရှုံးပွဲ ၁၅၈ ပွဲနဲ့ အနိုင်ရရှိမှု ရာခိုင်နှုန်းကတော့ ၆၃.၈၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။