ကပေါင်းကျကျေးရွာသား ၆ဦးကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။

တန့်ဆည်မြို့ ကပေါင်းကျကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာ ၆ဦးကို နှိပ်စက် သတ်ဖြတ်ခြင်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဩဂုတ်လ ၂၆ရက်နေ့ နံနက်ပိုင်းထဲက အကြမ်းဖက်စစ်အုပ်စုက ကပေါင်းကျကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတွေ ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။


“ရွာက ကိုဇော်မင်းလေး၊ ကိုဟိန်းဇာ၊ ကိုကျော်နိုင်လင်း၊ ကိုဖိုးကြီး၊ ကိုလွင်မိုး၊ ကိုပူစီတို့ အသတ်ခံရတယ်သတင်းရတယ် စစ်တပ်က သတ်ပစ်လိုက်တာ၊ ကိုဇော်မင်းလေးနဲ့ ကိုပူစီတို့ အလောင်းကိုတော့ ရှာတွေ့ပြီ ကိုဇော်မင်းလေးက နားထင်မှာ သေနတ်ဒဏ်ရာနဲ့၊ ကိုပူစီက ရင်ဘက်မှာ သေနတ်ဒဏ်ရာနဲ့ အသတ်ခံထားရတာ၊ ရွာထဲက ပျူစောထီးတွေနဲ့ ရွာမှာ စခန်းချပြီးတော့ ပတ်မွှေနေတော့ တခြားသူတွေရဲ့ အလောင်းတွေတော့ ဝင်မရှာရဲသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ကျေးရွာအတွင်းမှာ ကျန်ရစ်ခဲ့တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းသာမကဘဲ နေအိမ်တွေကို ဖျက်ဆီးမီးရှို့တာ ပြည်သူတွေ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ခိုးယူတာတွေပါ လုပ်ဆောင်နေပါတယ်။