ကျေးဇူးတော်ရွာက စစ်ဘေးရှောင်ပြည်သူတွေကို တောနင်းရှာလို့တွေ့ရင် ပစ်သတ်မယ်လို့ စစ်အုပ်စု ခြိမ်းခြောက်

၂၈၊ ဩဂုတ်လ၊ ၂၀၂၁။

KNU တပ်မဟာ(၄) ထိန်းချုပ်ဧရိယာမှာ ရှိတဲ့ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးဇူးတော်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက CDMဝန်ထမ်းတွေကို ဝင်ရောက်ရှာဖွေမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ KNU တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းကာ ဩဂုတ်လ ၂၇ရက်နေ့မှာ ကျေးရွာအတွင်းကို ဝင်ရောက်လာကြောင့် စစ်သားမြင်ရင် ကြောက်လန့်နေတဲ့ ပြည်သူတွေဟာ တောတွင်းကို ဝင်ရောက် ရှောင်တိမ်းခဲ့ရပါတယ်။

အခုလို ရှောင်တိမ်းနေတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက ရွာမှာ ကျန်ခဲ့တဲ့သူတွေကတဆင့် ပြန်လာဖို့ ခေါ်ခိုင်းနေပြီး၊ ပြန်လည်လာရောက်ခြင်းမရှိဘဲ သူတို့ တောနင်းရှာဖွေချိန်မှာ တွေ့ရှိပါက ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ရိက္ခာအခက်အခဲလည်းရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေအနက် ကိုဗစ်ရောဂါကူးစက်ခံထားရသူ ၂၅ဦး၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေထံက သိရပါတယ်။

ကျေးဇူးတော်ကျေးရွာဟာ စစ်ဘေးကြောင့် တစ်ရွာလုံး ပြောင်းရွေ့ခဲ့တဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ၂၀၁၂ခုနှစ်မှ အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ရွာဖြစ်တာကြောင့် ဒေသခံပြည်သူတွေဟာ စစ်သားမြင်တိုင်း ကြောက်ရွံ့နေတတ်သူတွေဖြစ်ပါတယ်။