မိုးကောင်းမြို့နယ် နေရာအချို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်

၂၃၊ ဩဂုတ်လ၊ ၂၀၂၁။

မိုးကောင်းမြို့နယ်က နေရာအချို့မှာ ဩဂုတ်လ ၂၃ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်ခန့်က စတင်ပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခြင်းကြုံတွေ့နေရပါတယ်။

ရပ်ကွက်အချို့မှာ အချိန်အနည်းငယ်သာ ပြတ်တောက်ခဲ့ပေမဲ့ နေရာအများစုမှာ ယခုအချိန်ထိ ပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မိုးကောင်းမှာ ၁၀ နာရီခွဲက အကုန်လုံးပျက်သွားတယ် ၁၀မိနစ်နေတော့ အကုန်ပြန်လာတယ်၊ လာပြီးမှ တစ်ချို့ရပ်ကွက်တွေအခုထိ မရသေးပါဘူး၊ အိုးတန်းက အကုန်လုံးတော့ မဟုတ်ပေမယ့် အုပ်စုလိုက် မရနေတာ၊ ကျွန်မဆို MPTနှင့်

Telenor package ဝယ်သုံးတာ လုံးဝ မရနေဘူး၊ အိမ်ကတော့ Mytel ဝိုင်ဖိုင်သုံးတယ် အခုထိ မရသေးဘူး၊ ရွာသစ်ကလည်း တစ်ပိုင်းလောက် မရနေဘူး ရတဲ့သူကရ မရတဲ့သူက မရပေါ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို အင်တာနက်လိုင်း ဖြတ်တောက်ထားတာဟာ အကြမ်းဖက်စစ်အုပ်စုက ကချင်ပြည်နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။

ဖားကန့်မြို့နယ်မှာလည်း ဩဂုတ်လ ၂၀ရက်နေ့ ညပိုင်းကစတင်ပြီး အင်တာနက်လိုင်းအားလုံး ပြတ်တောက်နေကာ ယခုအချိန်အထိ ပြန်လည် ရရှိခြင်း မရှိသေးပါဘူး။

Credit-The 74 Media