စစ်အုပ်စု စခန်း၂ခုကို KIAသိမ်းပိုက်ပြီးနောက် ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေ

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု နန့်စမ်း ၃ကျေးရွာက စစ်အုပ်စုတပ်စခန်းနဲ့ အောင်လင်းမှော်ဒေသမှာရှိတဲ့ တပ်စခန်း ၂ခုကို KIAက သိမ်းပိုက်ပြီးနောက်မှာ စစ်အုပ်စုက တိုက်လေယာဉ်တွေပါ အသုံးပြုပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်နေ့ မနက် ၉နာရီခန့်မှာစတင်ပြီး စစ်အုပ်စုက တိုက်လေယာဉ်တွေကို အသုံးပြုပြီး ပစ်ခတ်တာ၊ ဗျူဟာကုန်းတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

“အခုလည်း လေယာဉ်တစ်စီးလာတယ်၊ တိုက်လေယာဉ်ရော ရဟတ်ယာဉ်ရော လာတယ်၊ လေယာဉ်ကနေ စက်သေနတ်တွေနဲ့လာပစ်တာက သုံးကြိမ်လောက်ရှိပြီ၊ လေယာဉ်ဗုံးတော့ လာချတဲ့အသံတော့ မကြားမိဘူး လေယာဉ်နဲ့လာပစ်တဲ့နောက်တော့ မြေပြင်ပစ်ခတ်သံတွေက တော်တော်ငြိမ်သွားတယ်၊ တောထဲတော့နည်းနည်းပစ်နေသေးတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

KIAက သိမ်းပိုက်ခဲ့တဲ့ တပ်စခန်းတွေဟာ စစ်အင်အား ၇၀နီးပါးရှိတဲ့ တပ်မ ၃၃၊ ခမရ ၁၁၁ တို့ရဲ့ တပ်စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။

“ဖားကန့် ဗျူဟာနဲ့ ကံဆီးဗျူဟာက လက်နက်ကြီးနဲ့ ပစ်နေတာ၊ မနက်ကတည်းနေ ပစ်နေတာ၊ ရွာသားတွေကတော့ ဘယ်မှ မထွက်ပြေးရသေးဘူး ၊ ထွက်ပြေးရတာလည်း ခဏခဏဖြစ်နေပြီလေ၊ သေနတ်သံတွေကြားမှ နီးတယ်ဆိုပြီး ထွက်ပြေးတော့တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေ တိုက်ပွဲအခြေအနေတွေနဲ့ ပက်သက်ပြီးတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး

Source- The 74 Media

ဓာတ်ပုံ-KIA

ပုံစာညွှန်း- ပုံအဟောင်းကို အသုံးပြုထားပါသည်။