စစ်အုပ်စုက စစ်ရေးပိုမိုလှုပ်ရှားလာတာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရ

၂၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ကော့ကရိတ်မြို့ တောင်ဘက်မှာ ဩဂုတ်လ ၂၂ရက်နေ့ကစတင်ပြီး အကြမ်းဖက်စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့စစ်ရေးအရ ထိတွေမှုတွေ ဆက်တိုက်ဖြစ်လာပြီး ဒေသခံပြည်သူအချို့မှာ ထွက်ပြေးတိမ်းရှောင်မှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

KNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့ တောင်ဘက် အာရှလမ်းမကြီးတစ်ဖက်ခြမ်းရှိ ကမိုင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောင်ခံတပ်တွေက ဩဂုတ်လ ၂၃ရက်နေ့မှာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အင်အားရာနဲ့ချီပြီးဝင်ရောက်လာနေတာကြောင့်

 

ပစ်ခတ်မှုတွေ အချိန်မရွေးဖြစ်ပွါးလာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “အခု စစ်တပ်က ကမိုင်ကုန်းမှာရောက်နေပြီး တပ်အင်အား တစ်ရာကျော်လောက်ရှိတယ်။

တစ်ဖက်မှာ လည်း ကရင်စစ်သား(KNLA)တွေလည်း အသင့်အနေအထားမှာ နေရာယူထားတယ်။ စစ်တပ်က တက်လာရင် သေချာပေါက် တိုက်ပွဲဖြစ်မှာ။ အဲဒါကြောင့် ရွာသားအချို့က မနေ့ကတည်း ဘေးလွတ်ရာကို တိမ်းရှောင်ထားတာ တွေ ရှိနေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ကျိုက်ဒုံဘက်ရှိ စစ်အုပ်စုအဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂၁ရက်နေ့ မနက်က သူတို့စွန့်ခွာခဲ့တဲ့ ကျိတ်တပ်စခန်းတွင် ပြန်လည်အခြေချနေထိုင်ဖို့ ပြန်လှည့်လာတယ်ဆိုတဲ့ သတင်းကြောင့် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာမှာကို ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။

“ပြန်လာရင်တော့ အပြင်မှာပဲဖြစ်ဖြစ်၊ စခန်းမှာပဲဖြစ်ဖြစ် အကုန်ပစ်မယ်လို့ ဒီဘက်လူ (KNLA) ပြောထားတယ်။ အကယ်၍ ပစ်ခတ်တာတွေဖြစ်လာခဲ့ရင် ရွာသားတွေအနေနဲ့ ရှောင်ထားပေးဖို့ပြောတယ်။ ကျနော်တို့က အားလုံး ကို ကြောက်နေရတယ်ပေါ့နော်။ ဘယ်လိုလုပ်ရမှန်းတောင် မသိဘူး”လို့ ဒေသခံတစ်ဦးဆိုပါတယ်။ Source-KIC