နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံတယ်လို့ NUG ထုတ်ပြန်
၂၀၊ ဩဂုတ်လ၊ ၂၀၂၁။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအားလုံးအတွက် တရားမျှတမှုကို ဖော်ဆောင်ဖို့ ကြိုးပမ်းနေသလို နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ တရားစီရင်ခွင့်ကိုလည်း လက်ခံတယ်လို့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလဟာ ၂၀၀၂ ခုနှစ် ဇူလိုင် ၁ရက် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ခုံရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို သဘောတူလက်ခံကြောင်း ကြေညာချက်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးရဲ့ မှတ်ပုံတင်အရာရှိဆီကို တင်သွင်းထားပါတယ်။
၂၀၀၂ ခုနှစ် ဇူလိုင် ၁ရက် ဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ စာချုပ်(ရောမစာချုပ်)မှာ အစောဆုံးအကျုံးဝင်တဲ့ ရက်စွဲဖြစ်တယ်လို့ သိရပါတယ်။
ဒီကြေညာချက်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးစာချုပ်ရဲ့ ပုဒ်မ ၁၂(၃)နဲ့အညီ တင်သွင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုတင်သွင်းခြင်းက ရောမစာချုပ်မှာ သဘောတူလက်မှတ် မရေးထိုးထားတဲ့ နိုင်ငံကို ခုံရုံးရဲ့ တရားစီရင်ပိုင်ခွင့် ကျင့်သုံးခြင်းကို သဘောတူလက်ခံနိုင်စေတယ်လို့ ဆိုပါတယ်။
ဒီကြေညာချက်ကို ဆက်လက်စဉ်းစားနိုင်ဖို့ ခုံရုံးရဲ့ မှတ်ပုံတင်အရာရှိဆီကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၇ရက်က လွှဲပြောင်းပေးခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးအတွက် တာဝန်ယူမှု သေချာစေရန်နဲ့ ပြစ်ဒဏ်ကနေ လွတ်ကင်းခွင့် အဆုံးသတ်စေရန် ကတိသစ္စာပြုထားတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်တပ်က ကျူးလွန်ဆဲဖြစ်တဲ့ ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှုတွေကို ဆက်လက် သတိပြုမိတဲ့အပြင် အတိတ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အားလုံးအတွက်လည်း တရားမျှတမှုကို ဖော်ဆောင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။