ရေပြစ်ကြီးရွာက သေနတ်ကိုင်ခွင့်ရထားတဲ့ ဒလန် ဓားနဲ့ခုတ်အသတ်ခံရ

၂၀၊ ဩဂုတ်လ၊ ၂၀၂၁။

ကျောက်ဆည်မြို့ ရေပြစ်ကြီးကျေးရွာက ပျူစောထီးခေါင်းဆောင် ဒလန်လို့ နာမည်ကြီးနေတဲ့ ဦးအေးမင်းမောင် (ခ) စောမိုးဇက်ကို ဩဂုတ်လ ၁၉ရက်နေ့ ည ၁၂နာရီခန့်က ကျေးရွာ သင်္ချိုင်းအနီးမှာ ဓားနဲ့ခုတ်ခံထားရတဲ့ ဒဏ်ရာတွေနေ သေဆုံးနေတာကို တွေ့ရှိရပါတယ်။

ဦးအေးမင်းဟာ ရေပြစ်ကြီးကျေးရွာရဲ့ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး အနီးနားကျေးရွာတွေမှာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး စစ်သင်တန်းတွေ ပေးနေသူဖြစ်ကာ စစ်အုပ်စုက ပေးထားတဲ့ သေနတ်ကို တရားဝင်သဖွယ် ကိုင်ဆောင်ခွင့်ရနေသူလည်းဖြစ်ပါတယ်။

“သူက ပျူစောထီးခေါင်းဆောင် ခါးမှာ သေနတ်တစ်လက်နဲ့ ရွာစဉ်လှည့်ပြီး ဗိုလ်ကျနေတာ၊ သူနဲ့မတည့်သူဆိုရင် စစ်တပ်ခေါ်ပြီး ဒုက္ခပေးတဲ့သူ သေတာကောင်းတယ်၊ ဘယ်သူ့လက်ချက်မှန်းတော့ အခုထိမသိဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဩဂုတ်လ ၂၀ရက်နေ့ မနက်အစောပိုင်းထဲက စတင်ကာ ရေပြစ်ကြီးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက အင်အားအများအပြားနဲ့ ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။