ဟေတီငလျင် သေဆုံးသူ ၁၄၀၀ကျော်အထိ မြင့်တက်လာ

၁၇၊ ဩဂုတ်လ၊ ၂၀၂၁။

ဟေတီနိုင်ငံမှာ ဩဂုတ်လ ၁၄ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒဿမ ၂ မဂ္ဂနီကျုုဒ့် ရှိတဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၀၀ကျော်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

ဟေတီအနောက်တောင်ဘက်ကဆေးရုံတစ်ရုံမှာတော့ ဆေးရုံလူသွားလမ်းတွေ ၊ ဝရန်တာတွေမှာပါ ငလျင်ဒဏ်သင့်လူနာတွေ ပြည့်နှက်နေပြီး ကုသမှုခံယူဖို့ စောင့်ဆိုင်းနေသူတွေလည်း တန်းစီနေကြပါတယ်။

ငလျင်ကြောင့် သေဆုံးသူ ၁၄၁၉ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀၀၀ ကျော်ရှိတယ်လို့ ဟေတီအရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ဩဂုတ်လ ၁၆ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ စနေနေ့ကဒေသစံတော်ချိန် မနက် ၈နာရီခွဲခန့်က မြို့တော် ပေါ့တ်အူပရင့်ရဲ့ အနောက်ဘက် မိုင် ၈၀ခန့် မြေအောက်အနက် ၇မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒလေ့လောစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ကာရေဘီယံဒေသထဲမှာ တည်ရှိတဲ့ ဟေတီနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါ ၊ ဂိုဏ်းဖွဲ့အကြမ်းဖက်မှုတွေ ၊ ဆင်းရဲနွမ်းပါးမှုအပြင် ဇူလိုင်လ ၇ရက်နေ့က သမ္မတ Jovenel Moise လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ နောက်ထပ်ဆိုးရွားတဲ့ ငလျင်သဘာဝဘေးဒဏ် ခံစားခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၀ခုနှစ် ဇန်နဝါရီလက ဟေတီနိုင်ငံမှာ အင်အား ၇ ဒဿမ ၀ မဂ္ဂနီကျုုဒ့် ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၃သိန်းကျော်သေဆုံးခဲ့ပြီး ၂ ဒဿမ ၃သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

Delta News Agency

Read Previous

ဖျာပုံမြို့မှာ ကိုဗစ်အတည်ပြုလူနာ (၂၂)ဦး တွေ့ရှိ

Read Next

တိုင်းရင်းသားအများစုပါဝင်တဲ့ အမျိုးသားကျန်းမာရေးကော်မတီ

Most Popular