
ပါကစ္စတန်မှာ လုံခြုံရေးစည်းမျဉ်းတွေ၊ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းတွေ အားနည်းတာနဲ့ စည်းကမ်းတကျ ကြပ်မတ်မှုမရှိတာတွေကြောင့် အဆောက်အအုံကြီးတွေမှာ မီးလောင်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
၂၆ ၊ ဩဂုတ်
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့မှာရှိတဲ့ ဆေးရုံတရုံရဲ့ မီးဖွားဆောင်မှာ ဒီကနေ့ ဩဂုတ် ၂၆ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မွေးကင်းစကလေး ၁၄ ဦး သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကတော့ လေအေးပေးစက် ချို့ယွင်းရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။
အစိုးရပိုင် ပါကစ္စတန် ဆေးသိပ္ပံဗဟိုဌာနရဲ့ မိခင်နှင့်ကလေး ကျန်းမာရေးဆောင် ၃ လွှာမှာ ဒီကနေ့ မနက်အစောပိုင်းက စတင်လောင်ကျွမ်းခဲ့တာလို့ အစ္စလာမာဘတ် ခရိုင်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၁၄ ဦးစလုံးဟာ မွေးကင်းစကလေးတွေ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရီးဖ် က အတည်ပြုပြောကြားခဲ့ပြီး ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။
ဆေးရုံမှာ ရောက်ရှိနေတဲ့ AFP သတင်းထောက်ရဲ့ အဆိုအရ မိသားစုဝင်တွေ ဆေးရုံပြင်ပမှာ စုဝေးနေကြချိန် သူနာပြုတဦးက မီးလောင်မှုအတွင်း သေဆုံးသွားခဲ့တဲ့ ကလေးငယ်တွေရဲ့ အမည်တွေကို ခေါ်ဆိုနေတာကို တွေ့ရှိခဲ့ရပါတယ်။
အသက် ၄၀ အရွယ် ခူရမ် မာမွဒ် က သူ့ရဲ့ ၃ ရက်ပဲရှိသေးတဲ့ သမီးလေး မီးလောင်မှုမှာ ပါသွားခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာဖို့ နာရီပေါင်းများစွာ စောင့်ခဲ့ရတယ်လို့ AFP ကို ပြောပြပါတယ်။
“ကျွန်တော့် သမီးလေး ဆုံးသွားပြီဗျာ၊ မွေးတာ ၃ ရက်ပဲ ရှိသေးတာ။ ကျွန်တော့်မိန်းမက အဲဒီလူနာဆောင်ထဲမှာရှိနေတာ၊ သူတို့ လူတိုင်းကို အပြင်ဆွဲထုတ်ခဲ့ကြတယ်။ ကျွန်တော်တို့ အကူအညီရမလားလို့ လမ်းပေါ်မှာ ထိုင်စောင့်နေခဲ့ရတာ” လို့ သူက ပြောပါတယ်။
နောက်ထပ် မိခင်တဦးဖြစ်သူ ရှာဂုဖ်တာ ပါဗင်း ကလည်း လက်ပေါ်မှာ မီးခိုးမှိုင်းတွေ ပေနေပြီး ၁၀ ရက်ပဲ ရှိသေးတဲ့ သူ့ရဲ့ကလေးငယ်ကို ပွေ့ဖက်ပြီး ဆေးရုံပြင်ပမှာ ငိုကြွေးနေခဲ့ပါတယ်။
“လူတွေက အော်ဟစ်ပြေးလွှားနေကြတာ၊ မီးခိုးမည်းတွေလည်း ပိတ်ဖုံးနေတာပဲ။ ကျွန်မတို့ လွတ်အောင် ထွက်ပြေးခဲ့ရတယ်။ ကံကောင်းလို့ ကျွန်မကလေးလေး ဘေးကင်းသွားတာ” လို့ သူမက AFP ကို ပြောပြခဲ့ပါတယ်။
ပါကစ္စတန်မှာ လုံခြုံရေးစည်းမျဉ်းတွေ၊ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းတွေ အားနည်းတာနဲ့ စည်းကမ်းတကျ ကြပ်မတ်မှုမရှိတာတွေကြောင့် အဆောက်အအုံကြီးတွေမှာ မီးလောင်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ကရာချီ ဆိပ်ကမ်းမြို့က စျေးဝယ်စင်တာတခုမှာ မီးလောင်မှုဖြစ်ပြီး လူ ၆၅ ဦးထက်မနည်း သေဆုံးခဲ့သလို၊ ၂၀၂၃ ခုနှစ်တုန်းကလည်း ကရာချီက အခြားစျေးဝယ်စင်တာတခု မီးလောင်မှုမှာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပါသေးတယ်။
ကိုးကား – AFP
#ပါကစ္စတန် #ဆေးရုံ #မီးလောင် #မွေးကင်းစကလေးငယ် #သေဆုံး
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း