တောင်ကိုရီးယားလေကြောင်းကာကွယ်ရေးဇုန်ထဲကို ရုရှားစစ်လေယာဉ်တွေ ဝင်ရောက်လာ

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းတုန်းကလည်း တရုတ်နဲ့ ရုရှား စစ်လေယာဉ် ၁၀ စီးထက်မနည်း တောင်ကိုရီးယားရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို ဝင်ရောက်ခဲ့ပါသေးတယ်။

၂၆ ၊ ဩဂုတ်

ရုရှားစစ်လေယာဉ်တွေဟာ သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို ဝင်ရောက်လာခဲ့လို့ တိုက်လေယာဉ်တွေ အရေးပေါ်လွှတ်တင်ခဲ့ရတယ်လို့ တောင်ကိုရီးယားက ဒီကနေ့ ဩဂုတ် ၂၅) မှာ ပြောလိုက်ပါတယ်။ ဒါဟာ အခုသီတင်းပတ်တွေထဲမှာ ဒုတိယအကြိမ်မြောက် ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပြီးနောက်ပိုင်း ရုရှားကို အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုမှာ တောင်ကိုရီးယား ပါဝင်လာခဲ့သလို၊ မော်စကိုကလည်း မြောက်ကိုရီးယားနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်လာတာကြောင့် ဒီနှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ပိုပြီး တင်းမာဆိုးရွားလာခဲ့တာပါ။

ဂျပန်ပင်လယ်လို့လည်း ခေါ်တဲ့ အရှေ့ပင်လယ်ပေါ်က လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို ရုရှားစစ်လေယာဉ် အများအပြား ဝင်လာပြီး ပြန်ထွက်သွားခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

“တောင်ကိုရီးယားစစ်တပ်ဟာ ရုရှားလေယာဉ်တွေ ဇုန်ထဲမဝင်ခင် ကတည်းက ကြိုတင်သတိပြုမိခဲ့တာမို့ ဖြစ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေကို ပြင်ဆင်ဖို့ တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဒီရုရှားလေယာဉ်တွေဟာ တောင်ကိုရီးယားရဲ့ လေပိုင်နက်ကိုတော့ ကျူးကျော်တာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

လေကြောင်းရန်ကာကွယ်ရေးဇုန် ဆိုတာဟာ တိုင်းပြည်ရဲ့ ပိုင်ဆိုင်တဲ့ လေပိုင်နက် မဟုတ်ဘဲ လုံခြုံရေးအရ ပြင်ပလေယာဉ်တွေကို မည်သူမည်ဝါဖြစ်ကြောင်း သတင်းပို့ခိုင်းတဲ့ ကြားခံဇုန်တစ်ခု ဖြစ်ပါတယ်။

ဥပဒေအရ အတင်းအကျပ် လိုက်နာရမယ်လို့ မပြဋ္ဌာန်းထားပေမဲ့ စစ်လေယာဉ်တွေအနေနဲ့ ဒီဇုန်ထဲမဝင်ခင် သက်ဆိုင်ရာနိုင်ငံကို ကြိုတင်အကြောင်းကြားလေ့ ရှိကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းတုန်းကလည်း တရုတ်နဲ့ ရုရှား စစ်လေယာဉ် ၁၀ စီးထက်မနည်း တောင်ကိုရီးယားရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို ဝင်ရောက်ခဲ့ပါသေးတယ်။

အဲဒီတုန်းကတော့ တရုတ်နဲ့ ရုရှားတပ်ဖွဲ့တွေဟာ ဂျပန်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတို့မှာ “မဟာဗျူဟာမြောက် လေကြောင်းကင်းလှည့်မှု” ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဘေကျင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီကင်းလှည့်မှုဟာ ပုံမှန်စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုသာဖြစ်ပြီး “တတိယနိုင်ငံတွေကို ဦးတည်တိုက်ခိုက်တာမဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားဘက်ကတော့ တရုတ်နဲ့ ရုရှားဆီကို ကန့်ကွက်လွှာပေးပို့ခဲ့ပြီး နောက်ထပ် ဒီလိုမဖြစ်အောင် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကိုးကား – AFP

#တောင်ကိုရီးယား #လေကြောင်းကာကွယ်ရေးဇုန် #ရုရှား #လေယာဉ်
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း