ပေါ်တာဆွဲမခံရအောင် ဆောင်ထားဖို့ စစ်မှုထမ်းစာရင်းသွင်းပြီးကြောင်း ထောက်ခံစာ ထုတ်ပေးနေ

“စစ်မှုထမ်း အလှည့်မကျခင် ပေါ်တာနဲ့ အရင်မပါရအောင် အိမ်ကသားအတွက် ရပ်ကွက်ရုံးကနေ ထောက်ခံစာ တောင်းယူထားရတယ်။ သက်သက်ကြီး ထုတ်ပေးတာတော့ မဟုတ်ဘူး ”

၂၅၊ဩဂုတ်

ရန်ကုန် မြို့နယ်တချို့မှာ လူငယ်တွေ ပေါ်တာဆွဲခံရရင် ပြဖို့အတွက် စစ်မှုထမ်းစာရင်း သွင်းထားပြီးကြောင်း သက်သေခံစာရွက် ကဒ်ပြား ထုတ်ပေးတာမျိုးတွေ ရှိလာနေပါတယ်။အဲဒီ သက်သေအထောက်အထားအတွက် နှူန်းထား သတ်မှတ်မထားပေမယ့် ရပ်ကွက်ရုံးမှာ အလှူငွေထည့်ပြီး ထုတ်ယူရတာလို့ဆိုပါတယ်။

စစ်မှုထမ်းဖို့ အသက်အရွယ်အရ အကျုံးဝင်သူ​တွေကို သက်ဆိုင်တဲ့ ရပ်ကွက်ကတဆင့် မြို့နယ်မှာ စာရင်းအချက်အလက် ဖြည့်ခိုင်းခဲ့ပြီး စာရင်းပေးပြီးသူတွေကို သက်သေခံ အထောက်အထား ထုတ်ပေးနေတာပါ။

“အပြင်သွားလာရင်း ပေါ်တာဆွဲတာမျိုး ကြုံရင် ပြနိုင်အောင်တဲ့။ အဲဒါကို ပလက်စတစ် လောင်းပြီး အမြဲဆောင်ထားဖို့ လမ်းလူကြီးကတဆင့် မှာတာ။ သွားတော့ မယူရသေးဘူး”လို့ မှော်ဘီမြို့နယ်မှာနေတဲ့ လူငယ်တဦးရဲ့ မိခင်က ပြောပါတယ်။

အဲဒီလို သက်​သေခံ အထောက်အထား ထုတ်ပေးပေမယ့် အကြောင်းတစုံတရာ ဖြစ်လာခဲ့ရင် တာဝန်ယူပေးနိုင်ခြေ ရှိ၊မရှိ မသိရဘူးလို့ နောက်ထပ် မိဘတဦးကလည်း မှတ်ချက်ပေးပါတယ်။

တချို့မြို့နယ်တွေမှာ စစ်မှုထမ်း သက်သေခံ ကတ်ထုတ်ပေးတာ မရှိပဲ လိုအပ်ရင် စာရင်းသွင်းပြီးကြောင်း ထောက်ခံစာ လုပ်ပေးတာမျိုး ရှိတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

“စစ်မှုထမ်း အလှည့်မကျခင် ပေါ်တာနဲ့ အရင်မပါရအောင် အိမ်ကသားအတွက် ရပ်ကွက်ရုံးကနေ ထောက်ခံစာ တောင်းယူထားရတယ်။ သက်သက်ကြီး ထုတ်ပေးတာတော့ မဟုတ်ဘူး ” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေသူတဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ လူငယ်တွေကို ပစ်မှတ်ထားပြီး ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေကာ အန္တရာယ်မဖြစ်ရအောင် နည်းမျိုးစုံနဲ့ သတိထားနေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

#ပေါ်တာဆွဲ #စစ်မှုထမ်း #ထောက်ခံစာ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်