တရားမဝင် ကန်ထရိုက်တိုက် ဆောက်တဲ့ကိစ္စ ရပ်ကျေးအူပ်ချုပ်ရေးမှူး ခုနှစ်ဦး အဖမ်းခံရ

“အခုဖြစ်ရပ်ကိုကြည့်ရင် စည်ပင်တောင်မှ မြို့နယ်အဆင့်လောက်တောင် မဟုတ်ဘူး။ မြို့တော်ခန်းမက လူကြီးပိုင်းလောက် ပါဝင်တဲ့ အနေထား ဖြစ်လောက်တယ် ”

၂၅၊ဩဂုတ်

စမ်းချောင်းမြို့နယ်မှာ တရားမဝင် ကန်ထရိုက်တိုက်တွေ ဆောက်ခဲ့တဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ခုနှစ်ဦးနဲ့ ကန်ထရိုက်ကို စစ်ဆေးအရေးယူခံရပြီး အဓိကကျသူတွေ မပါတာကြောင့် ထိုးကျွေးခံရတာလို့ ဆောက်လုပ်ရေး လုပ်ငန်းအသိုင်းဝိုင်းက ထောက်ပြဝေဖန် နေကြပါတယ်။

မြို့နယ်လျှပ်စစ်ရုံး ဝန်ထမ်းအမျိုးသမီးတဦးလည်း နေထိုင်ခွင့်(BCC) မကျသေးပဲ လျှပ်စစ်မီး ချိတ်ဆက် သွယ်တန်းပေးလို့ဆိုပြီး ခေါ်ယူစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ဒါပေမယ့် အထပ်မြင့် အဆောက်ဦ ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ စည်ပင် သာယာရေးအဖွဲ့က တာဝန်ရှိသူတွေ ကင်းလွတ်နေတာကြောင့် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ကန်ထရိုက်လိုင်စင် ရထားသူ တဦးက ဆိုပါတယ်။

“အခုဖြစ်ရပ်ကိုကြည့်ရင် စည်ပင်တောင်မှ မြို့နယ်အဆင့်လောက်တောင် မဟုတ်ဘူး။ မြို့တော်ခန်းမက လူကြီးပိုင်းလောက် ပါဝင်တဲ့ အနေထား ဖြစ်လောက်တယ် ” လို့ သူက မှတ်ချက်ပေးပါတယ်။

ဦးတင်ဝင်းဆိုသူက လှိုင်မြို့နယ်မှာ ရွှေချမ်းသာပြည့်စုံ ဆောက်လုပ်ရေးဆိုတဲ့ ဆိုင်းဘုတ်တပ်ထားပြီး ဆောက်လုပ်ခွင့် ကန်ထရိုက် လိုင်စင်မရှိပဲ ပွဲစားတွေနဲ့ ပေါင်းကာ ကန်ထရိုက်တိုက်တွေ ဆောက်နေတယ်ဆိုပြီး တိုင်ကြားမှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

စည်ပင်ကို ပိုင်တဲ့အတွက် ခွင့်ပြုချက် ယူစရာမလိုပဲ ဒါဏ်ကြေးလောက်ပေးပြီး ဆောက်လို့ရကြောင်း မြေရှင်တွေကို ယုံအောင်ပြောပြီး စမ်းချောင်းမြို့နယ်အတွင်း တိုက်အလုံးရေ ၃၀ လောက် ဆောက်ထားပြီးပြီလို့ သိရပါတယ်။

“လိုင်စင်မရှိတဲ့ အင်ဂျင်နီယာ မျိုးမျိုးကိုလည်း ခွင့်ပြုချက်မရှိတဲ့ တိုက်တွေ လိုက်ဆောက်နေတာ စည်ပင်က တရားစွဲ အရေးယူတာ မတွေ့ရပါဘူး” လို့ ကန်ထရိုက်တဦးက ပြောပါတယ်။

တိုက်အလုံးရေ အများအပြား ဆောက်ခဲ့တာဖြစ်လို့ မြို့နယ်စည်ပင်ရုံးလောက်နဲ့ မပြီးပြတ်နိုင်ပဲ ရာထူးအကြီးပိုင်း အဆင့်လောက် ပါဝင်ပတ်သက်မှု ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်တွေ ရှိနေခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ နေအိမ်အရှေ့ အုတ်ခဲချတာနဲ့သိပြီး လိုင်းကြေးတောင်းဖို့ ရောက်လာတတ်တဲ့ စည်ပင်က အခုဖြစ်ရပ်မှာ လွတ်ကင်းနေတာ ထူးဆန်းစရာ ဖြစ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အထပ်မြင့် အဆောက်ဦ ဆောက်လုပ်တာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က ကြီးကြပ်ကိုင်တွယ်တာ ဖြစ်ပါတယ်။

#ရန်ကုန် #ကန်ထရိုက်တိုက် #ရပ်ကျေးအုပ်ချုပ်ရေးမှူး #ဖမ်းဆီးခံရ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်