ညောင်တုန်းမြို့နယ် ဂန်ချောင်းထုံးဝတာဘောင် မြစ်ကမ်းပါးပြိုကျနေ

“တာတွေက ပဲ့ကျနေပြီ။ ဒေသခံတွေ၊ မီးသတ်တွေတော့ စပြီးတော့ ကာနေပြီပေ့ါ နော်။ အခုတော့ လုပ်နေကြတုန်းပဲ”

၂၅ ၊ ဩဂုတ်

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ချောင်းဖျားကျေးရွာရှိ ဂန်ချောင်းထုံးဝတာဘောင်ဟာ ဧရာဝတီ မြစ်ရေတိုက်စား၊ ကမ်းပါးပြိုကျနေပြီး လက်ရှိမှာ တာရဲ့သုံးပုံနှစ်ပုံခန့် ပြိုသွားပြီဖြစ်ကာ တာတခုလုံး ကျိုးကျသွားမှာကို စိုးရိမ်နေရပါတယ်။

“စက်တွေနဲ့ လုပ်နေကြတာတော့ တွေ့တယ်။ ဒါပေမယ့် အားရစရာမကောင်းဘူး။ ပေါက်သွားခဲ့ရင် အကုန်လုံးမြုပ် ကြမှာ။ ဒါကို ပေ့ါလို့ မရဘူး။ စက်ကြီးတွေနဲ့ ပန်းတာတခု အမြန်ဆုံးလုပ်ဖို့လိုတယ်။ ပေါက်သွားရင်ဘာမှ လုပ်လို့ မ ရတော့ဘူး” လို့ ညောင်တုန်းအနီး၊ ဧရာ၀တီမြစ်ကမ်းဘေးရှိ မအူပင်မြို့မှ ဒေသခံတဦးက ပြောပါတယ်။

အဲဒီတာဘောင်ဟာ ဒီနေ့ ဩဂုတ်လ ၂၅ရက်နေ့ မနက်အစောပိုင်းကနေ စပြိုနေခဲ့တာဖြစ်ပြီး ပေ ၁၅၀ ဝန်းကျင် လောက်ရှိသွားပြီလို့ ဆိုပါတယ်။

“တာတွေက ပဲ့ကျနေပြီ။ ဒေသခံတွေ၊ မီးသတ်တွေတော့ စပြီးတော့ ကာနေပြီပေ့ါ နော်။ အခုတော့ လုပ်နေကြတုန်းပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ တာဘောင်ပြိုကျနေတာကြောင့် တာအနီးမှာရှိတဲ့ နေအိမ်တွေနဲ့ စိုက်ခင်းအချို့နေရာရွှေ့ပြောင်းထားပြီး တာကျိုးပေါက်မှု မဖြစ်စေဖို့ ကတုတ်ရိုက်တာ၊ သဲဖို့တာ၊ သဲအိတ်တွေစီပြီး ပန်းတာလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဂန်ချောင်းထုံးဝတာဟာ ညောင်တုန်းမြို့နဲ့ ရှစ်မိုင်ဝန်းကျင်အကွာ ညောင်တုန်းနဲ့ မအူပင်မြို့နယ်အကြားမှာ တည်ရှိတာပါ။ အဲဒီတာဘောင်သာ ကျိုးသွားခဲ့ရင် ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်စတဲ့ မြို့နယ်တွေနဲ့ ရန်ကုန် တိုင်းအတွင်းက ဒေသတွေမှာ ရေကြီးနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ညောင်တုန်းမြို့နယ်မှာ စိုက်ပျိုးပြီးသား စပါးခင်းဧက သုံးသောင်းကျော်ရှိပြီး တာကျိုးသွားခဲ့ရင် အဲဒီစပါးခင်းတွေ ဟာလည်း ပျက်စီးသွားနိုင်တာပါ။

ဧရာ၀တီတိုင်းအတွင်းမှာ ဧရာ၀တီမြစ်ရဲ့ မြစ်လက်တက် ငဝန်မြစ်တာဘောင်ဟာလည်း လေးမျက်နှာမြို့တည့် တည့်က ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ကျိုးပေါက်သွားခဲ့ပြီး လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်မြို့ နယ်တို့အတွင်း ရေကြီးနေကာ တလနီးပါးကြာတဲ့အထိ တာပေါက်ကို မပိတ်နိုင်သေးပါဘူး။

အဲဒီငဝန်မြစ်တာဘောင်ကျိုးကျမှုကြောင့် ဧရာဝတီတိုင်းမှာ ပြည်သူသိန်းကျော် ရေဘေးသင့်နေပြီး စိုက်ပျိုးပြီး လယ်ဧက သောင်းနဲ့ချီဟာလည်း ရေအောက်ရောက်ကာ ပျက်စီးဆုံးရှုံး သွားခဲ့ပါတယ်။

#ညောင်တုန်း #ဂန်ချောင်းထုံးဝတာဘောင် #မြစ်ကမ်းပြို
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်