လုပ်ခတိုးပေးရေး ဦးဆောင်တောင်းဆိုခဲ့သူတွေကို စက်ရုံဘက်က လျော်ကြေးပေး အလုပ်ထုတ်

/

“စက်ရုံမန်နေဂျာက ဒီနေ့ပဲ ဖုန်းဆက်တယ်။ အလုပ်ထုတ်ခံရတဲ့ ကိစ္စကို STUM page ပေါ်မှာ တင်ထားတာနဲ့ ပတ်သက်ပြီး တရားစွဲမယ်ဆိုပြီး ဩဂုတ် ၂၄ ရက်က အထုတ်ခံရတဲ့ ၃ ယောက်ထဲက ၂ ယောက်ကို ဖုန်းဆက်ပြီး ပြောတာပါ”

၂၆၊ဩဂုတ်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က Spring Moon အထည်ချုပ်စက်ရုံမှာ လုပ်ခတိုးမြင့်ပေးဖို့ တောင်းဆိုတာကို သဘောတူညီမှုရပြီးနောက် ဦးဆောင်တောင်းဆိုတဲ့ အလုပ်သမား ၁၂ ဦးကိုတော့ စက်ရုံဘက်က အလုပ်ထုတ်လိုက်ပါတယ်။

“ဩဂုတ်လ ၂၄ ရက်မှာ ဦးဆောင်သူ အလုပ်သမား ၃ ဦးကို လျော်ကြေးပေး အလုပ်ထုတ်ပယ်ခဲ့ပြီး၊ နောက်တနေ့မှာ ကျန်တဲ့အလုပ်သမား ၉ ဦး ထပ်မံ ထုတ်ပယ်ခံရတာ” လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွှတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM တာဝန်ရှိသူ တဦးက ပြောပါတယ်။

Spring Moon အထည်ချုပ်စက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့နဲ့ အခြေခံ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုတာရှိခဲ့ပြီး သြဂုတ်လ ၁၁ ရက်မှာ နှစ်ဖက်ညှိနှိူင်း သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို သဘောတူညီမှု ရပြီးမကြာခင်မှာ ဆန္ဒပြတောင်းဆိုမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အလုပ်သမား ၁၂ ဦးကို အလုပ်ထုတ်လိုက်တာလို့ STUMရဲ့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေရဲ့ ပြောဆိုချက်အရ လုပ်သက် ၈ နှစ်ရှိတဲ့ အလုပ်သမားတွေမှာ ဆုကြေးငွေ ဖြတ်တောက်ခံရတဲ့ အတွက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန (အလရ)ဆီ သွား ရောက် တိုင်ကြားတဲ့အတွက် ရာထူးချခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလို ရာထူးချခံရတဲ့အပေါ် ဆက်ဆံရေးဦးစီးဌာန (အလဆ)ဆီ ထပ်တိုင်ကြားခဲ့တာကြောင့် စက်ရုံဘက်က ချက်ချင်း အလုပ်ထုတ်လိုက်တာလို့ အလုပ်သမားတွေရဲ့ ပြောဆိုတိုင်ကြားချက်ကို ကိုးကားပြီး STUM က ထုတ်ပြန်ထားပါတယ်။

အခုလို အလုပ်ထုတ်ခံရတာကို အလုပ်သမားတွေဖက်က ကူညီပေးနေတဲ့ STUM ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးတင်ထားတဲ့အတွက် သက်ဆိုင်တဲ့ အလုပ်သမားတွေကို စက်ရုံမှ ခြိမ်းခြောက်တာမျိုး လုပ်လာတယ်လို့ ဆိုပါတယ်။

“စက်ရုံမန်နေဂျာက ဒီနေ့ပဲ ဖုန်းဆက်တယ်။ အလုပ်ထုတ်ခံရတဲ့ ကိစ္စကို STUM page ပေါ်မှာ တင်ထားတာနဲ့ ပတ်သက်ပြီး တရားစွဲမယ်ဆိုပြီး ဩဂုတ် ၂၄ ရက်က အထုတ်ခံရတဲ့ ၃ ယောက်ထဲက ၂ ယောက်ကို ဖုန်းဆက်ပြီး ပြောတာပါ” ဟု ထုတ်ပယ်ခံရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။

အဲဒီလို အလုပ်ထုတ်ခံရတဲ့ သူတွေမှာ စက်ရုံအလုပ်သမားသမဂ္ဂ ဥက္ကဌ၊ အမှုဆောင်အဖွဲ့ဝင်တွေ အများစုပါဝင်နေပြီး သမဂ္ဂဖြိုခွဲတဲ့ လုပ်ရပ်လို့ STUM က သတ်မှတ်ထားပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး Spring Moon အထည်ချူပ်စက်ရုံ အလုပ်ရှင်နဲ့ တာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

#အလုပ်သမား #စက်ရုံ #အလုပ်ထုတ် #လျော်ကြေး
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်