မြောင်းမြက ကျေးရွာတချို့  စားဆီခွဲတမ်းမရလို့ အခက်တွေ့နေ

“ဘယ်ရွာတွေ ဆိုတာတော့ မပြောတော့ပါဘူး။ အခုတော့ ခရိုင်ဦးစီးမှူးက စိစစ်တင်းကြပ်မယ် ပြောတယ်။ အခုတော့ ခရိုင်ဦးစီးမှူးရဲ့ ထောက်ခံစာပါမှပဲ ရောင်းဆီထုတ်ပေးတာတွေ စလုပ်နေပြီ ”

၂၉၊ ဇူလိုင်လ။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်အတွင်းက ကျေးရွာတွေအတွက် ရရှိတဲ့ စားဆီခွဲတမ်းတွေကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက ကျေးရွာရံပုံငွေအတွက်ဆိုပြီး မြို့ပေါ်မှာ ရောင်းချမှု ပြုလုပ်နေတာကြောင့် ကျေးရွာဒေသခံတွေဟာ အပြင်ပေါက်ဈေးနဲ့ ဝယ်ယူသုံးစွဲနေရပါတယ်။

“ကျွန်တော်တို့က မြို့ပေါ်တက်ဝယ်လည်း အပြင်ဆိုင်ကပဲ ဝယ်လို့ရတာလေ။ ခုကဆီဈေးက ၁၈၀၀၀ (ငွေကျပ်)တောင် ပေးဝယ်နေရပြီ။ ဒီလမှစဖြစ်တာ အရင်ကတော့ ကျွန်တော်တို့ ၁၀ ရက်တခါလောက် ၅၀ သားစီ ခွဲတမ်းရတယ်။ သူတို့(အုပ်ချုပ်ရေးမှူး)ပဲ ဆီထုတ်ပြီး ရွာမှာ ဆီစာအုပ်နဲ့ပြန်ရောင်းပေးတာပေါ့ ” လို့ မြောင်းမြမြို့အနီးက ကျေးရွာ‌ဒေသခံ တဦးက ပြောပါတယ်။

DNA အနေနဲ့ အခုလို စားဆီခွဲတမ်းမရလို့ အခက်အခဲဖြစ်နေတဲ့ ကျေးရွာအုပ်စု ၆ ခုမှာ ပါဝင်တဲ့  ကျေးရွာ ၁၂ ရွာရဲ့  စာရင်းတွေ ရထားပေမယ့် ဒေသခံတွေက သူတို့ကျေးရွာအုပ်စုတွေရဲ့ အမည်တွေကို သတင်းမှာ ဖေါ်ပြလိုက်တဲ့အခါ သူတို့အပေါ်မှာ တစုံတရာ သက်ရောက်မှု ရှိမှာကို စိုးရိမ်နေတဲ့အတွက် ဒီသတင်းမှာတော့ ကျေးရွာတရွာချင်းစီ နာမည်တွေကို ချန်လှပ်ထားခဲ့ရပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့  စားဆီ ရည်ညွှန်းဈေးဟာ ဒေသအလိုက် ငွေကျပ် ၇၀၀၀ နဲ့ ၈၀၀၀ ကြားမှာရှိနေပြီး အပြင်ပေါက်ဈေးဟာ ငွေကျပ် ၁၈၀၀၀ နဲ့ ၂၀၀၀၀ ကြားမှာရှိနေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ကျေးရွာတချို့က ဒေသခံတွေက ‌မြောင်းမြမြို့က ဆီလုပ်ငန်းရှင်တွေဆီကို သတင်းပေးပို့ခဲ့ပြီး ဆီလုပ်ငန်းရှင်တွေက ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးဆီကို စိစစ်ကြပ်မတ်ပေးဖို့ တင်ပြခဲ့ကြပါတယ်။

“ဘယ်ရွာတွေ ဆိုတာတော့ မပြောတော့ပါဘူး။ အခုတော့ ခရိုင်ဦးစီးမှူးက စိစစ်တင်းကြပ်မယ် ပြောတယ်။ အခုတော့ ခရိုင်ဦးစီးမှူးရဲ့ ထောက်ခံစာပါမှပဲ ရောင်းဆီထုတ်ပေးတာတွေ စလုပ်နေပြီ ” လို့ တင်ပြရာမှာ ပါဝင်ခဲ့တဲ့ ဆီလုပ်ငန်းရှင် တဦးက ပြောပါတယ်။

သူက ဆက်ပြီး အုပ်ချုပ်ရေးမှူးတွေဟာ ရွာအတွက် ရံပုံငွေဟုဆိုပြီး ခွဲတမ်းရတဲ့ ဆီတွေကို မြို့ပေါ်က လက်လီ ဆီဆိုင်တွေဆီကို ရောင်းချနေကြတာလို့ ပြောပါတယ်။

ဒါအပြင် အဲဒီ အုပ်ချုပ်ရေးမှူးတွေဟာ ခရိုင်ဦးစီးမှူးရုံးကနေ ထောက်ခံစာ ရဖို့အတွက် လာဘ်ထိုးငွေတွေ ပေးပြီး လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မြောင်းမြမြို့ပေါ် ရပ်ကွက်တွေမှာတော့ ရပ်ကွက်အလိုက် စားဆီအရောင်းဆိုင်တွေမှာ သတ်မှတ်ရက်အလိုက် ခွဲတမ်းကို ဝယ်ယူခွင့် ရှိနေပါတယ်။

စစ်အစိုးရက စားဆီရောင်းချမှုကို ဆီစာအုပ်တွေ ပြုလုပ်ပြီး အိမ်ထောင်စုအလိုက် ခွဲတမ်းနဲ့ရောင်းချတဲ့ စနစ်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က စားဆီတင်သွင်းမှုကို ၆၀ ရာခိုင်နှုန်းအထိ ထပ်မံလျော့ချခဲ့ပြီးတဲ့နောက် အခုလို အခြေအနေတွေ ဖြစ်ပေါ်လာခဲ့တာပါ။

စစ်အစိုးရရဲ့ စားဆီ ရည်ညွှန်းဈေးဟာ ဒေသအလိုက် ငွေကျပ် ၇၀၀၀ နဲ့ ၈၀၀၀ ကြားမှာ ရှိနေပြီး ဆီထုတ်ခွင့်ရှိတဲ့ အိမ်ထောင်စုတွေဟာ ဒီဈေးနူန်းနဲ့ ၁၀ ရက်တကြိမ် ဆီ ၅၀ သားနှုန်း သတ်မှတ်ခွဲတမ်း အဖြစ် တယ်ယူလို့ရပါတယ်။