တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံသဘောတူညီချက်တရပ် အတည်ပြုထုတ်ပြန်

အခုထုတ်ပြန်လိုက်တဲ့ ဘုံနိုင်ငံရေး သဘောတူညီချက်ကို NUG၊NUCC၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)တို့နှင့် အတူ ၊NUCC အဖွဲ့ဝင် အဖွဲ့အစည်းတွေ၊ ဖယ်ဒရယ်ယူနစ်အစိုးရ၊ လွှတ်တော်တွေက ဆွေးနွေး အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

၃၀၊ ဇူလိုင်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ဦးဆောင်ပြီး တော်လှန်ရေး အင်အားစုတွေပါဝင် ရေးဆွဲထားတဲ့ “တော်လှန်ရေးအင်အား စုတွေရဲ့  ဘုံနိုင်ငံရေး သဘောတူညီချက်” မူကြမ်းတရပ်ကို ဒီနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

အဲဒီသဘောတူညီချက်ကို စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ အပြန်အလှန် ပံ့ပိုးကူညီပြီး ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ ရည်ရွယ်ချက်နဲ့ ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းကနေ စကာ နှစ်နှစ်ခွဲ​ကြာ အချိန်ယူ ရေးဆွဲခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးကို ပိုပြီး ပြေပြေပြစ်ပြစ် ညီညွတ်စေဖို့ အားလုံးနဲ့ ဆက်လက်ဆွေးနွေးနိုင်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒီထက်ပိုကောင်းတဲ့ ဘုံသဘောတူညီချက်တရပ် ဖြစ်လာအောင် ဆက်လက်ဦးဆောင် ကြိုးပမ်းကြဖို့ တိုက်တွန်းလိုပါတယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

လက်ရှိ ထုတ်ပြန်ထားတဲ့ သဘောတူညီချက် မူကြမ်းကို နွေဦးတော်လှန်ရေး တစုံလုံးအပေါ် ပေးအပ်ထားကာ အင်အားစု အားလုံးပါဝင်တဲ့ ဘုံနိုင်ငံရေး သဘောတူညီချက်တရပ် ဖြစ်လာစေဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါ တယ်။

အခုအတည်ပြုထားတဲ့ ဘုံသဘောတူညီချက်ဟာ တရားသေမဟုတ်ဘဲ အခြားပါဝင်လာတဲ့ အဖွဲ့အစည်းတွေနဲ့ ပြင်ဆင်လို့လည်း ရသေးတယ်လို့  ဦးဆောင်ပါဝင်ခဲ့သူတွေက ပြောကြပါတယ်။

အဲဒီသဘောတူညီချက်မှာ တော်လှန်ရေး အင်အားစုတွေအကြား ဖြစ်လာနိုင်တဲ့ သဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းဖို့၊ ဒေသတခုချင်းထက် တနိုင်ငံလုံး လွတ်မြောက်ရေး ဦးတည်ဖို့၊ ဖျက်သိမ်းကြောင်း ကြေငြာထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒကို အသက်ပြန်သွင်းဖို့ ကြိုးပမ်းမှုတွေကို ဆန့်ကျင်တိုက်ဖျက်ဖို့၊ ဖက်ဒရယ်ဖွဲ့စည်းပုံသစ် ပေါ်ပေါက်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆက်လုပ်ဖို့၊ တော်လှန်ရေး ကဏ္ဍအသီးသီးမှာ အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်းထိ ပါဝင်ဖို့၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေကို ဖိနှိပ်ခွဲခြားခြင်း မရှိစေရေး အာမခံ ဖော်ဆောင်ဖို့ ၊ မသန်စွမ်းသူတွေကို မခွဲခြားဖို့ စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

“ဒါကို မင်းအောင်လှိုင်ရဲ့ ရက်တရာမပြည့်ခင် အတွင်းမှာ ဒါကို နိုင်ငံရေးလက်နက်တခုအနေနဲ့ မင်းအောင်လှိုင်ရဲ့ ရက်တရာကို နိုင်ငံရေးအရ ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ရာအတွက် ဒါကို လက်နက်တခုအဖြစ် အသုံးပြုကြရအောင် ဆိုတာကိုလည်းပဲ ဆွေးနွေးသဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်” လို့ NUCC ဦးဆောင်ကော်မတီဝင် ဦးတိုး ကျော်လှိုင်က ပြောပါတယ်။

အဲဒီ သဘောတူညီချက်တွေနဲ့ ပက်သက်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ဝန်ကြီးချုပ်ဦးစိုးဦးက ကျယ်ကျယ်ပြန့်ပြန် ပါဝင်ဖို့လိုအပ်သလို စာရွက်ပေါ်မှာထက် အချိန်နဲ့တပြေးညီ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မယ့် အခင်း အကျင်းဖြစ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်ကို NUG၊ NUCC၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီ(CRPH)တို့နှင့်အတူ ၊ NUCC အဖွဲ့ဝင် အဖွဲ့အစည်းတွေ၊ ဖယ်ဒရယ်ယူနစ်အစိုးရ၊ လွှတ်တော်တွေက ဆွေးနွေး အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ဟာ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများ အခြေခံဥပ ဒေမူကြမ်းကိုလည်း ရေးဆွဲထားပြီး မကြာခင်ပြည်သူတွေကို ချပြသွားမယ်လို့ဆိုထားပါတယ်။