အီဂျစ်မှာရှိတဲ့ အမေရိကန်ပိုင် သင်္ဘောတစီး ဒရုန်းနဲ့ တိုက်ခိုက်ခံရ

အခုအီဂျစ်တိုက်ခိုက်ခံရမှုနဲ့ ပတ်သတ်ပြီး အရှေ့အလယ်ပိုင်းတလျောက် ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

၃၀ ၊ ဇူလိုင်

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းက အီဂျစ်နိုင်ငံရဲ့ မြေထဲပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒမီယက်တာမှာ အမေရိကန်ပိုင် ဓာတ်ငွေ့သိုလှောင်သင်္ဘောတစီး ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဗြိတိန် ရေကြောင်းလုံခြုံရေးကုမ္ပဏီ Ambrey က ကနဦးထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အီဂျစ် ရေနံဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဆိပ်ကမ်းမှာ မီးလောင်မှုဖြစ်ခဲ့တာကို အတည်ပြုပေမဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကိုတော့ ထည့်ပြောမသွားပါဘူး။

အီရန်ဘက်က ဂျော်ဒန်မှာရှိတဲ့ အမေရိကန်တပ်တွေကို ဒုံးကျည်နဲ့ တိုက်ခိုက်ပြီးတဲ့နောက် အမေရိကန်နဲ့ ဆော်ဒီတို့ကလည်း အီရတ်မှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေကို ပြန်တိုက်ခဲ့ကြတဲ့ ဖြစ်စဉ်အပြီး အီဂျစ်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်သလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီဒရုန်းတိုက်ခိုက်မှုကြောင့် Energos Winter ဆိုတဲ့ ရေပေါ်ဓာတ်ငွေ့သိုလှောင်သင်္ဘောကို ထိမှန်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သလို၊ အနီးအနားမှာရှိတဲ့ Gaslog Salem ဆိုတဲ့ သင်္ဘောဆီကိုပါ မီးကူးစက်သွားခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ကုန်သွယ်ရေး သတင်းရင်းမြစ် ၃ ခုက ပြောပါတယ်။

အခုအီဂျစ်တိုက်ခိုက်ခံရမှုမှာတော့ အရှေ့အလယ်ပိုင်းတလျောက် ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်သွားပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက အမေရိကန်နဲ့ အီရန်အကြား အပြန်အလှန်တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာနေပါတယ်။

အမေရိကန်က အီရန်ရဲ့ စစ်ဖက်ဧရိယာတွေကို တိုက်ခိုက်ခဲ့သလို အီရန်ကလည်း အမေရိကန်ရဲ့ အခြေစိုက်စခန်းတွေရှိတဲ့ ဂျော်ဒန် ၊ ကူဝိတ်နိုင်ငံတွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။

ဂျော်ဒန်မှာရှိတဲ့ အမေရိကန်တပ်တွေကို အီရန်ဘက်က ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကို လက်တုန့်ပြန်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကတိပေးခဲ့ပြီးနောက် ၂ နာရီကြာ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးမှာ အီရန်နိုင်ငံအတွင်းက စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးစခန်းတွေနဲ့ ဒရုန်းစခန်းတွေ အပါအဝင် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ပစ်မှတ်ပေါင်း မြောက်မြားစွာကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

Ref – Reuters