လေးမျက်နှာ ၊မြစ်ကျိုးတာ ကျိုးပေါက်ပြီး မြို့ပေါ် သုံးရပ်ကွက်နဲ့ ရွာခုနှစ်ရွာနီးပါး အရေးပေါ်ရွှေ့ပြောင်း

“ဘေးနားရွာတွေက ပိုဆိုးတာပေ့ါ၊ ကွမ်းခြံတုန်းတို့ဘာတို့ဆိုရင် ညကတည်းက ပေါင်၊ ခါးလောက်ဖြစ်ကုန်တာ။ ကျွဲတဲတို့ဆို ခေါင်မိုးတွေပါ မြုပ်တယ်။ ငဝန်ဒီဘက်တခြမ်းလုံးဆိုတော့ ခြောက်ရွာ၊ ခုနှစ်ရွာလောက်ရှိမယ်”

၃၁၊ဇူလိုင်

အမှတ် ၃ ၊ ၄ နဲ့ ၅ ရပ်ကွက်တွေ နဲ့ အနိမ့်ပိုင်း ကျေးရွာတွေဖြစ်တဲ့ ကွမ်းခြံကုန်း ၊ ကျွဲတဲ ၊ မြစ်ကျိုး ၊ ဂျမ်းကုန်း စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ ခုနှစ်ရွာက ဒေသခံတွေ အရေးပေါ် အခြေအနေ ပြောင်းရွှေ့နေကြရပါတယ်။

“အကုန်ပြောင်းကြရတယ်၊ ရေက တရိပ်ရိပ်နဲ့ တက်လာတယ်။ အမှတ် ၃ တခြမ်း မြို့ထဲပေ့ါ၊ ရဲစခန်းတို့၊ ထွေအုပ် တို့ပေ့ါ။ ၄ တို့၊ ၅ တို့က ပိုဆိုးတာပေ့ါ။ အဲဒါတွေ ကုန်သွားပြီ။ တော်တော်ကြီးကို တက်တာ ။ ကားလမ်းတွေတောင် ရေလျှံပြီး ဆိုင်ကယ်တွေ သွားလို့မရတော့ဘူး။ နိမ့်တဲ့အပိုင်းတွေဆိုရင် အနည်းဆုံး ခါးလောက်ရှိမယ် ။ အမှတ် ၂ မှာလည်း ရေက တိုးလာပြီ” လို့ လေးမျက်နှာမြို့ အမှတ်(၂)ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ဒီနေ့မနက် ၇ နာရီ ဝန်းကျင်မှာ အမှတ် ၂ ရပ်ကွက်ဘက်ကိုလည်း ရေစတင်ဝင်ရောက်လာပြီး တနာရီအတွင်းမှာ ရေအမြင့် ၁ ပေကျော် တက်လာတယ်လို့ ပြောပါတယ်။

“ဘေးနားရွာတွေက ပိုဆိုးတာပေ့ါ၊ ကွမ်းခြံတုန်းတို့ဘာတို့ဆိုရင် ညကတည်းက ပေါင်၊ ခါးလောက်ဖြစ်ကုန်တာ။ ကျွဲတဲတို့ဆို ခေါင်မိုးတွေပါ မြုပ်တယ်။ ငဝန်ဒီဘက်တခြမ်းလုံးဆိုတော့ ခြောက်ရွာ၊ ခုနှစ်ရွာလောက်ရှိမယ်” လို့ အမည်မဖေါ်လိုတဲ့ လေးမျက်နှာမြို့ခံ တဦးကလည်း ပြောပါတယ်။ အခုလို ရေဘေးအခြေအနေကြောင့် ဒေသခံတွေဟာ ဟင်္သာတ ၊တလုတ္ထော်နဲ့ ငဝန်မြစ်တဖက်ကမ်း လေးမျက်နှာမြို့ဟောင်း ၊ ဇီးတော ဘက်တွေကို ယာယီရွှေ့ပြောင်းနေထိုင်ကြတာမျိုး ရှိတယ်လို့ သိရပါတယ်။

အမှတ်(၂)ရပ်ကွက်ကိုလည်း ဒီနေ့မနက် ခုနစ်နာရီဝန်းကျင်မှာ ရေစဝင်လာတာဖြစ်ပြီး တနာရီလောက်အတွင်းမှာ ရေအမြင့် တပေကျော်လောက်ရှိနေတယ်လို့ ဆိုပါတယ်။

မိုးဆက်ရွာပြီး မြစ်ရေပါ ဆက်တက်နေမယ်ဆိုရင် လေးမျက်နှာမြို့အောက်ပိုင်း ငဝန်မြစ်တလျှောက် အိုင်သပြု ဘက်ကျေးရွာတွေထိပါ ရေကြီးလာနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“မြစ်ရေက အကျပိုင်းထဲမှာ ကျိုးတာဖြစ်တဲ့အတွက် မှန်းလို့တော့ မရဘူး။ ရေတိုးလာနိုင်သေးတယ်။ တက်မယ်ဆိုရင် အိုင်သပြု ဘက်ခြမ်းပါမယ် ထင်တယ်” လို့ အိုင်သဗြုဒေသခံတဦးက ပြောပါတယ်။

လက်ရှိလေးမျက်နှာမြို့ပေါ်မှာ စျေးလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီရေကြီးမှုကြောင့် စပါးခင်းဧက တထောင်နီးပါး ပျက်စီးမှုရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ငဝန်မြစ်ရဲ့ ရေကာတာဟာ မနေ့က ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃ ကျော်လောက်ကစပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ပြီး ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့တို့က တာဘောင်ထပ်ပြီး နိမ့် ဆင်းတာမဖြစ်ရအောင် တုတ်ရိုက်တာ၊ သဲအိတ်စီတာတွေ လုပ်ခဲ့ကြပေမယ့် ထိန်းမနိုင်တော့ဘဲ ရေစိမ့်ပေါက်ပို ကျယ်၊ တာကျိုးတဲ့ အနေအထားထိ ရောက်သွားခဲ့ရတာပါ။

အခုလိုတာတမံကျိုးကျပြီး ရေကြီးမှုဖြစ်စဉ်ဟာ စစ်အစိုးရသစ်ရဲ့ ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ “ရေကာတာတွေ မကျိုးပေါက်စေရေး တာတမံတွေ ကြံ့ခိုင်ကောင်းမွန်စေဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီးအဆို” အတည်ပြုပြီး တလကျော်အကြာမှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီအရေးကြီးအဆိုကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ လွှတ်တော်မှာ လေးမျက်နှာမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က တင်သွင်းခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဆယ်ဦးက ဆွေးနွေးခဲ့ပြီး အတည်ပြုခဲ့တာပါ။

အဆိုအတည်ပြုပြီးနောက် တိုင်းအစိုးရအဖွဲ့ဟာ ရေကာတာအချို့ကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး ကွင်းဆင်း စစ်ဆေးတာတွေ ရှိခဲ့ပေမယ့် ရေကာတာတွေ ကြံ့ခိုင်ရေးအတွက် လုပ်ဆောင်တာတွေတော့ မတွေ့ခဲ့ရ ဘူးလို့ ဒေသခံတွေက ပြောထားကြပါတယ်။