ရုရှားဟာ မြောက်ကိုရီးယား ဒုံးကျည်တွေသုံးပြီး တိုက်ခိုက်နေတယ်လို့ ယူကရိန်းသမ္မတပြော

တိုက်ခိုက်မှုအတွင်း ခရီဗီရီးမြို့ဘက်ကို ဦးတည်ပျံသန်းလာတဲ့ မြောက်ကိုရီးယားရဲ့ KN-23 ဒါမှမဟုတ် KN-24 တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေရဲ့ လက္ခဏာမျိုးကို ယူကရိန်း ရေဒါတွေမှာ ဖမ်းယူရရှိခဲ့တယ်လို့ သိရပါတယ်။

၃၁ ၊ ဇူလိုင်

ယူကရိန်းနိုင်ငံက ရွာတရွာကို ရုရှားက တိုက်ခိုက်ခဲ့ရာမှာ မြောက်ကိုရီးယား ဒုံးကျည်ကို သုံးခဲ့တာကြောင့် မိသားစုတစုတည်းက လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။ ဒါဟာ တနှစ်နီးပါးအတွင်း ဒီလိုလက်နက်မျိုးကို စစ်ပွဲမှာ ပထမဆုံးအကြိမ် ပြန်သုံးလာတာလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ခရီဗီရီးမြို့အနီး ရွာက အိမ်တလုံးကို ဒုံးကျည်တစင်း ထိမှန်ပျက်စီးခဲ့ပြီး မိဘနှစ်ပါးနဲ့ ကလေးသုံးယောက် သေဆုံးခဲ့ရတယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။

ရုရှားဟာ အရင်ကလည်း ယူကရိန်း ပစ်မှတ်တွေကို မြောက်ကိုရီးယား ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ဖူးပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းမှာမှ ပထမဆုံးအကြိမ် ပြန်သုံးတာဖြစ်ပါတယ်။

ဒါဟာ မော်စကိုအနေနဲ့ လက်နက်သစ်တွေ ဖြည့်ထားတယ်ဆိုတာကို ပြသနေတယ်လို့ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ယူကရိန်းစစ်တပ်မှာ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ အရေးတကြီး လိုအပ်နေချိန်မှာပဲ ရုရှားက ညတွင်းချင်း ဒုံးကျည်နဲ့ ဒရုန်း အစင်းပေါင်း ရာနဲ့ချီ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်တွေကို သုံးလာတဲ့ပုံစံဟာ ရုရှားအနေနဲ့ အမေရိကန်လုပ် Patriot လေကြောင်းရန်ကာကွယ်ရေး စနစ်နဲ့မှ ကြားဖြတ်ဟန့်တားနိုင်တဲ့ Iskander 9M723 လို  ပဲ့ထိန်းဒုံးကျည်တွေကို ပြောင်းလဲသုံးစွဲလာတဲ့ ပုံစံနဲ့ ကိုက်ညီနေတယ်လို့လည်း အဲဒီစစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ဆိုပါတယ်။

ထိရှလွယ်တဲ့ ကိစ္စဖြစ်တာကြောင့် အမည်မဖော်လိုတဲ့ အဆိုပါစစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ တိုက်ခိုက်မှုအတွင်း ခရီဗီရီးမြို့ဘက်ကို ဦးတည်ပျံသန်းလာတဲ့ မြောက်ကိုရီးယားရဲ့ KN-23 ဒါမှမဟုတ် KN-24 တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေရဲ့ လက္ခဏာမျိုးကို ယူကရိန်း ရေဒါတွေမှာ ဖမ်းယူရရှိခဲ့တယ်လို့ သိရပါတယ်။

အတည်ပြုနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးသူတွေအနေနဲ့ အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရတဲ့ ဒုံးကျည်အပိုင်းအစတွေကို လေ့လာဖို့ လိုအပ်နေပြီး ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်နေတုန်းပဲ ဖြစ်ပေမဲ့ ဒါဟာ မြောက်ကိုရီးယား ဒုံးကျည်ဖြစ်တယ်ဆိုတာ သေချာတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ရုရှားဟာ ၂၀၂၃ ခုနှစ် အကုန်ပိုင်းလောက်ကတည်းက မြောက်ကိုရီးယားရဲ့ KN-23 နဲ့ KN-24 ဒုံးကျည်တွေကို ယူကရိန်းဘက်ကို စတင်ပစ်ခတ်ခဲ့တာပါ။ ဒီမြောက်ကိုရီးယား ဒုံးကျည်တွေဟာ ရုရှားရဲ့ Iskander တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေထက် တိကျမှု လျော့နည်းပေမဲ့ ထိပ်ဖူး ပိုကြီးပြီး ပစ်ခတ်နိုင်တဲ့ အကွာအဝေး ပိုဝေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်တုန်းကလည်း ရုရှားနိုင်ငံ ကာဒ့်ဒေသထဲ ယူကရိန်းတပ်တွေ ထိုးဖောက်ဝင်ရောက်လာတာကို တွန်းလှန်ဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၄,၀၀၀ စေလွှတ်ကူညီခဲ့ပြီး ရုရှားရဲ့ စစ်ပွဲအတွက် လက်နက်ကြီးကျည် ပမာဏ သန်းနဲ့ချီပြီး ထောက်ပံ့ပေးခဲ့ပါတယ်။

Ref – Reuters