ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ် ၊ သခွတ်ချောင်းကျေးရွာအုပ်စုထဲက မြစ်ကျိုးရွာအနီးမှာ ငဝန်မြစ်ရဲ့ ပန်းတာအမျိုးအစား ရေကာတာတခု မနေ့ကည ၁၁ နာရီအကျော်ခန့်မှာ ကျိုးပေါက်ပြီး ဒီနေ့မနက်ပိုင်းမှာပဲ လေးမျက်နှာမြို့ပေါ် ရပ်ကွက်တွေ ရေနစ်မြုပ်နေပြီ ဖြစ်ပါတယ်။ ဒီတာကျိုးပေါက်မှုကြောင့် စိုက်ပျိုးလယ်ယာ ဧရိယာ ဧကထောင်ကျော် နစ်မြုပ်မယ့် အလားအလာ ရှိနေပြီး ရေနစ်မြုပ်ချိန်ကာလ ကြာမြင့်မယ်ဆိုရင် စိုက်ပျိုးပြီး စပါးခင်းတွေ ပျက်ဆီးဖို့ ရာခိုင်နှုန်းများနေပါတယ်။ အခုလို ပြည်သူလူထုအတွက် ဆုံးရှုံးမှု ပမာဏကြီးမားတဲ့ ပျက်ကွက်မှု့ကို ဘယ်သူက တာဝန်ခံမှာလဲ ၊ ဘယ်သူက တာဝန်ယူမှာလဲလို့ NLD ပါတီရဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ လေးမျက်နှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက မေးခွန်းထုတ်လိုက်ပါတယ် ။ ဦးဇော်မင်းသိန်းဟာ လေးမျက်နှာမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၅ ၊ ၂၀၂၀ ရွေးကောက်ပွဲနှစ်ကြိမ်လုံးမှာ အနိုင်ရခဲ့တဲ့ ပြည့်သူလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ ၂၀၂၆ ခုနှစ်မှာပဲ ပြည်သူ့လွှတ်တော်အတွင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်က ဆည်မြောင်းတာတမံတွေ ထိန်းသိမ်းအဆင်မြင့်တင်ဖို့ အဆိုကို တင်သွင်းခဲ့ပြီး တာတမံတွေ ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့သူ တဦးဖြစ်ပါတယ်။
DNA- မြစ်ကျိုးတာ ကျိုးပေါက်သွားတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး ဘယ်လို မှတ်ချက်ပေးချင်လဲ။
ဦးဇော်မင်းသိန်း-ပြည်သူတွေ ဘယ်လောက်အထိ စိုးရိမ် ပူပန်မှုတွေ ဖြစ်ကြမလဲ ဆိုတဲ့ဟာလည်း တွေးပြီးပူမိပါတယ်။ အထူးသဖြင့် ဒီဘက်စစ်မျက်နှာပေါ့ ငဝန်မြစ် အနောက်ဘက်ခြမ်းကနေမှ စစ်ဘေးရှောင်သွားခဲ့ကြရတဲ့ ပြည်သူတွေ တခါ ဟိုဘက်ကိုရောက်တယ် ၊ ဟိုဘက်မှာတခါ ရေဘေးနဲ့ ထပ်ကြုံရတယ် ။ ပြည်သူတွေ အတွက်ကတော့ ဒုက္ခပေါ် ဒုက္ခဆင့်တာပေါ့နော် ။ အဲဒီအတွက် စိတ်မကောင်းဘူးလို့လည်း ပြောချင်တယ် ။ ကံကောင်းကြဖို့လည်း ဆုတောင်းပေးနေပါတယ်။
ဒီရေက ထိန်ငူတာ ကျိုးတုန်းကလို ဆိုးဆိုးဝါးဝါးကြီး ဖြစ်မှာမဟုတ်ဘူး ။ သို့ပေမယ့် စိုက်ပျိုးမြေတွေ ထိခိုက်မယ် ၊ သွားရေးလာရေးတွေ ထိခိုက်မယ် ။ နောက် ပြည်သူတွေဆီ ရေဝင်လာတဲ့အခါမှာ နေရေး စားရေးတွေ ၊ ကျန်းမာရေးတွေ ဒါတွေ ထိခိုက်ကုန်မှာတော့ စိတ်မကောင်း ဖြစ်မိတယ်။ ကျွန်တော့်ဘက်ကလည်း နီးနီးကပ်ကပ်နဲ့ အလုပ်မလုပ်ပေးနိုင်တဲ့ အပေါ်မှာတော့ ပြည်သူတွေအတွက်ကို တောင်းပန်ချင်ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင်လည်း ပေါက်တူးတွေ ၊ခြင်းတွေနဲ့ နွေရာသီ ဆိုလို့ရှိရင် တာနဲ့ပါတ်သက်လို့ လုပ်အားပေးတွေ ၊ တအိမ်တယောက် မဖြစ်မနေတွေ လိုက်ခဲ့ကြရတာတွေ ၊ တော်တော်များများကို တွေ့ကြုံခဲ့ရတာပေါ့။ ၁၉၉၁ ထိန်ငူတာလေ ။
အဲဒီတော့ ကိုယ်တွေ အစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူတဲ့ ၅ နှစ်မှာ စစယူချင်းကို ကိုယ့်မြို့နယ် အတွက်ရော ဧရာဝတီတိုင်း တတိုင်းလုံး အနေနဲ့ရော အရေးကြီးတဲ့ဟာကို လွှတ်တော်မှာ အဆိုအနေနဲ့ တင်ခဲ့တာ။ ကျန်တဲ့ဟာတွေလည်း အရေးမကြီးဘူးလားဆိုတော့လည်း ကြီးပါတယ်။ ဒါပေမယ့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေဆိုတာ ဒီပျက်ဆီးဆုံးရှုံးသွားမယ့် ကျိုးပေါက်သွားမယ့် တာတမံတွေထက် စာရင် အကုန်လုံးက ဘာမှ မဖတ်တင်မှာ မဟုတ်ဘူးလေ ။ အဲဒီအတွက်ကို ဒီကောင်က အရေးကြီးတယ်ဆိုပြီး ဒါနဲ့ပတ်သက်လို့ အဆိုကို စတင်ခဲ့တယ်။ လက်တွေ့လည်း အကောင်အထည် ပေါ်အောင် ဖေါ်ခဲ့တယ် ။
ဒီအာဏာလုသွားတဲ့ အစိုးရတု လက်ထက်မှာ သူတို့ဘာမှကို မပြုပြင်ခဲ့လို့ ဒီလို ဖြစ်သွားတာ ။ ဟိုတုန်းကဆိုလိုရှိရင် ဒီတာကြီးတွေ တကယ့်ကို စက်ယန္တယားတွေနဲ့ ကျွန်တော်တို့ မြို့နယ်မှာဆို အများဆုံး လုပ်ခဲ့တယ်လို့တောင် ပြောလို့ရတယ်။ အဲဒါတွေက ဒီငါးနှစ်အတွင်းမှာ ဘာမှမလုပ်ခဲ့ဘဲ ပစ်ထားခဲ့လို့ ဒီလို ဖြစ်တာ။ နောက်တခု မနေ့က သူတို့တင်ထားတဲ့ ဗီဒီယိုတွေမှာ ကြည့်လိုက်လို့ရှိရင် အေးတိအေးစက်နဲ့ အလုပ်လုပ်နေကြတာ ၊ တာဝန်ရှိတဲ့သူတွေ ဆိုရင်လည်း တကယ့်ကို စိုးရိမ်ပူပန်ပြီးတော့မှ စိုးရိမ်စိတ်တွေနဲ့ တက်တက်ကြွကြွ လုပ်တဲ့ပုံစံ မမြင်မိဘူး ။ အခုလို ဖြစ်သွားတဲ့ အပေါ်မှာလဲ ဘယ်သူ တာဝန်ယူမှာလဲ ဘယ်သူတာဝန်ခံမှာလဲ ကျွန်တော့်အနေနဲ့ မေးချင်တယ် ။ နောက်ဆုံးကတော့ ပြည်သူတွေ အတွက်ကို တကယ့်ကို စိတ်မကောင်းပါဘူး ။
DNA- အခု တာကျိုးပေါက်မှုကြောင့် ဘယ်လိုသက်ရောက်မှုတွေ ဆက်ဖြစ်လာနိုင်မလဲ
ဦးဇော်မင်းသိန်း – တလုထ္ထော် ၊ ဓမ္ဘီဘက်ကိုတော့ မရောက်နိုင်ဘူး ။ ထိန်ငူတာက အခုမြစ်ကျိုးတာရဲ့ အထက်မှာ ကျိုးခဲ့တာ ဖြစ်တဲ့ အတွက်က အခုဟာက မြစ်မကြီးနဲ့ တိုက်ရိုက်ကြီး ဒီတာကြီးက ကပ်နေတဲ့ဟာ ကျိုးခဲ့တာဆိုတော့ တော်တော်ကို ကြီးကြီးမားမား ဖြစ်ပြီးတော့မှ ရေက အကုန်လုံး ပြန့်ထွက်သွားတာလေ နော်။ အခုဟာက ရှေ့မှာတော့ ဒီတာမကြီး တခုခံနေတယ်။ ပန်းတာမှာ ဖြစ်သွားတာ ဖြစ်တဲ့အတွက် ဒီလောက်ကြီး ဆိုးဆိုးဝါးဝါးကြီး ရေစီးကြမ်းပြီး ဆုံးရှုံးတဲ့အထိ မဖြစ်နိုင်ဘူး ။ ရေမြုပ်ပြီးတော့ စိုက်ပျိုးမြေတွေ သွားရေးလာရေး အခြေအနေတွေ လူနေအိမ်တွေကို ရေမြုပ်တာတွေ အဲဒီအခြေအနေလောက်ပဲ ဖြစ်မှာပါ ။
DNA- အခုဖြစ်စဉ်အလွန်မှာ ပြည်သူလူထုအတွက် ဘာတွေဆောင်ရွက်သင့်တယ်လို့ မြင်မိလဲ
ဦးဇော်မင်းသိန်း- လက်ရှိကတော့ ပြည်သူလူထု သူတို့ နေရေး၊ စားရေး၊ ကျန်းမာရေး ဒီဟာကိုပဲ လက်တလော ဒါတာဝန်ယူထားတဲ့သူတွေ အနေနဲ့ပေါ့နော် ။ နောက် ပြည်သူ ပြည်သူချင်း ကူညီစောင့်ရှောက်ပေးကြဖို့ မေတ္တာရပ်ခံချင်တယ် ။
နောက်ပိုင်းမှာတော့ နွေပေါ့နော် ၊ ပွင့်လင်းရာသီ ရောက်မှပဲ ဒီတာတမံတွေနဲ့ ပတ်သက်လို့ ဒါတာဝန်ယူထားတဲ့သူတွေ အနေနဲ့ ကြံ့ခိုင်မှု ရှိအောင် ဆောင်ရွက်ပေးဖို့ဟာကိုပဲ ပြောချင်တယ်။ ကိုယ်တို့ တာဝန်ရှိတဲ့အချိန်တုန်းက ပြည်သူတွေ မိုးတွင်းဆိုရင် တာကို ရှိမှန်းမသိအောင် ၊ရေကြီးမယ့် အန္တရယ်ကို စဉ်းစားစရာမလိုအောင် အတွေးထဲမှာကို မရှိအောင်လို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ အခုလည်း ဒီလို ဆောင်ရွက်ဖို့ကို လက်ရှိ မတရားအာဏာရယူထားတဲ့သူတွေကို ပြောချင်တယ်။ ဒါပါပဲ ။