နတခ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေတယ်လို့ ဦးခိုင်သုခ ပြောဆို  

“မြေပြင်ပကတိ အရှိတရားကတော့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ စိတ်ဓါတ်တွေ ပျက်ပြားပြီးတော့ အစုလိုက်အပြုံလိုက် ထွက်ပြေးသွားကြသလို တယောက်ချင်းထွက်ပြေးလာပြီးတော့ ကျွန်တော်တို့ဆီမှာ လက်နက်လာ ချနေကြတာတွေ မကြာမကြာရှိပါတယ်။ တချို့စစ်ကောင်စီတပ်ဖွဲ့ဝင်(ပစ)တွေဟာ ခြေဦးတည့်ရာ ထွက်ပြေးလာ လို့ ကျွန်တော်တို့ဖမ်းမိထားတာတွေကလည်း အများကြီး ရှိပါတယ်”

၃၁၊ ဇူလိုင်။

ဧရာ၀တီတိုင်း ပုသိမ်မြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နတခ)မှာ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင် ၂၀ ဦး လက် နက်ချလာတယ်ဆိုတဲ့ စစ်အစိုးရရဲ့  ထုတ်ပြန်ချက်ဟာ လုံး၀ သတင်းမှား ဖြစ်ပြီး မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

“ဒီဟာက လုံး၀ သတင်းမှားဖြစ်တယ်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ ဒီလိုမျိုး အရှက်မရှိ၊ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်လာတာ အကြိမ်ကြိမ်ရှိနေပါပြီ။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ ဆီမှာ လက်နက်ချအလင်းဝင်တဲ့ဖြစ်စဉ်မျိုးက လုံး၀မရှိဘူး” လို့ သူက ဆိုပါတယ်။

လက်နက်ချလာကြတဲ့ AA တပ်ဖွဲ့ဝင် ၂၀ နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး၊ စုစုပေါင်း ၃၂ ဦးတို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ နတခအတွင်း လက်ခံကြိုဆိုပြီး မိဘတွေထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲလုပ်ခဲ့တယ်လို့ စစ်အစိုးရက နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီ လက်နက်ချလာကြသူတွေဟာ ရခိုင်ပြည်နယ် ဂွ၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ချင်းပြည်နယ် ပလက်၀၊ ဧရာ၀တီတိုင်း ကျိုက်လတ်၊ ရေကြည်၊ ပုသိမ်၊ ဓနုဖြူ၊ အင်္ဂပူ၊ ရန်ကုန်တိုင်း အင်းစိန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့က ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်ရေးရှုံးနိမ့်နေတာကြောင့် လုပ်တာဖြစ်ပြီး စစ်တပ်က ထုတ်ပြန်တဲ့ အလင်းဝင်တယ်ဆိုသူတွေဟာ မတရား ဖမ်းဆီးခံထားကြရတဲ့ အရပ်သားတွေသာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“AA နဲ့ ဆက်စပ်တယ်၊ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ရွာတွေက ဖမ်းထားတဲ့သူတွေ၊ လေးမျက်နှာဘက်က အဖမ်းခံရတဲ့ ရခိုင်တချို့ပါတယ်” လို့ ငသိုင်းချောင်းဒေသခံတဦးက ပြောပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ  အထိနာနေတဲ့ စစ်တပ်ဟာ အခုလိုမျိုး AA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ လက်နက်ချ၊ အလင်းဝင်လာကြတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းမျိုး မကြာခဏထုတ်လေ့ရှိပြီး ပြီးခဲ့တဲ့ မေလအတွင်းကလည်း AA နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၃၁ ဦး လက်နက်ချခဲ့တယ်လို့ ဆိုထားပါတယ်။

လက်ရှိ မြေပြင်အခြေအနေမှာတော့ စစ်တပ်ဘက်က အထိနာနေပြီး အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေ အစုလိုက် အပုံလိုက် ထွက်ပြေးတာတွေ ရှိနေသလို တယောက်တည်း ထွက်ပြေးလာပြီး လက်နက်ချ၊ အလင်းဝင်လာကြသူ တွေ အများအပြားရှိနေတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

“မြေပြင်ပကတိ အရှိတရားကတော့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ စိတ်ဓါတ်တွေ ပျက်ပြားပြီးတော့ အစုလိုက်အပြုံလိုက် ထွက်ပြေးသွားကြသလို တယောက်ချင်းထွက်ပြေးလာပြီးတော့ ကျွန်တော်တို့ဆီမှာ လက်နက်လာ ချနေကြတာတွေ မကြာမကြာရှိပါတယ်။ တချို့စစ်ကောင်စီတပ်ဖွဲ့ဝင်(ပစ)တွေဟာ ခြေဦးတည့်ရာ ထွက်ပြေးလာ လို့ ကျွန်တော်တို့ဖမ်းမိထားတာတွေကလည်း အများကြီး ရှိပါတယ်” လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်မြို့နယ်တို့အတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က တပ်စခန်း ဆယ်ကျော်လက်လွှတ်ထားရကာ ကျဆုံး၊ ထိခိုက်သူလည်း ရာချီရှိနေတာကြောင့် အင်အားအလုံးအရင်းဖြည့်ကာ ခုခံနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။