
လက်ရှိအချိန်အထိ Spring Mon စက်ရုံလုပ်သားတွေရဲ့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး ရုံးချိန်း ၁၀ ကြိမ်လောက် ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရသေးတာလည်းဖြစ်ပါတယ်။
၃၁၊ဇူလိုင်
Spring Mon အထည်ချုပ်စက်ရုံမှာ ဆန္ဒပြတောင်းဆိုမှုတွေကို သုံးရက် ကြာရပ်နားပြီး ညှိနှိုင်းတာ အဆင်မပြေတဲ့အတွက် လုပ်ခတိုးမြှင့်ပေးရေး တောင်းဆိုတာတွေကို ဒီနေ့မှာပဲ ပြန်စတင်လိုက်ပါတယ်။
လှိုင်သာယာမြို့နယ်၊ စက်မူဇုန်(၄)မှာ ဖွင့်လှစ်ထားတဲ့ Spring Mon စက်ရုံအလုပ်သမားတွေက လုပ်ခတိုးမြှင့်ပေးဖို့ ၁၈ ရက်ကြာ တောင်းဆိုခဲ့ပြီး နှစ်ဖက်ညှိနှိုင်းချက်အရ တောင်းဆိုတာရပ်ပြီး ပြီးခဲ့တဲ့ ၂၉ ရက်နေ့က လုပ်ငန်းခွင်ထဲ ပြန်ဝင်ကြပြီး အလုပ်လုပ်ရင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆွေနွေးညှိနှိုင်းတာ မပြေလည်တဲ့အတွက် ဇူလိုင်၃၁ရက် ဒီနေ့မှာပဲ တောင်းဆိုဆန္ဒပြတာကို ပြန်လည်စတင်လိုက်ကြတာပါ။
“အဓိက လိုချင်တဲ့ အဖြေမရလို့ မူလနည်းလမ်း ပြန်လုပ်ရတာ။ ဒီကြားထဲ ဆက်ညှိသွားတာလည်း ရှိမှာပါ” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
လက်ရှိမှာ စက်ရုံရှိအလုပ်သမား ၁၂၀ကျော် ပြန်စုစည်းပြီး ဒေးကြေး ၁၃,၀၀၀ ကျပ်၊
အချိန်ပို OT ကြေး တနာရီ ၂,၅၀၀ ကျပ် ၊ ရက်မှန်ကြေး ၅၀,၀၀၀ ကျပ်နဲ့ အဆင့်အလိုက် ကျွမ်းကျင်ကြေး သတ်မှတ်တောင်းဆိုထားကြတာ ဖြစ်ပါတယ်။
တောင်းဆိုတာတွေနဲ့ ပတ်သက်ပြီး စက်ရုံဖက်က ဇူလိုင် ၃၀ ရက်အထိ ဒေးကြေး ၁၁,၀၀၀ကျပ်နဲ့ အချိန်ပိုကြေး၂,၂၀၀ ကျပ်ပဲ ပေးနိုင်မယ်ဆိုပြီး တင်းခံနေတာလို့ အလုပ်သမားတွေရဲ့ ပြောဆိုတာကို ကိုးကားပြီး သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က အသိပေးထားပါတယ်။
လက်ရှိအချိန်အထိ Spring Mon စက်ရုံလုပ်သားတွေရဲ့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး ရုံးချိန်း ၁၀ ကြိမ်လောက် ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရသေးတာလည်းဖြစ်ပါတယ်။
Photo- STUM