
“ညောင်ပင်ဝဲအုပ်စု ရွာ ၆ ရွာ၊ သခွတ်ချောင်းအုပ်စု ၃ ရွာ၊ သုံးဆက်အုပ်စု ၂ ရွာ အဲဒီရွာတွေက အကုန်မြုပ်တယ်။ ရွာထဲတွေမှာဆိုရင် ရေက ခါးလောက် ရောက်နေပြီ။ အိုင်သပြုကို ညနေလောက်ဆိုရင် ရောက်ပြီ။ ဒီညတော့ အိုင်သပြုနဲ့ ဟင်္သာတသွားတဲ့ ကားလမ်းပေ့ါ၊ အဲဒီလမ်းကို ရေကျော်မယ်၊ ရေကျော်ပြီးရင် ငသိုင်းချောင်းဘက်တို့ ဘာတို့ ဆက်သွားမှာ”
၃၁၊ ဇူလိုင်။
ငဝန်မြစ် တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာတမြို့လုံးနဲ့ အနီးဝန်းကျင် ကျေးရွာဆယ်ရွာကျော် ရေ နစ်မြုပ်နေပြီပြီး ရွှေ့ပြောင်းနေကြရကာ ဒီနေ့ညနေပိုင်းမှာ အိုင်သပြုဘက်အထိ ရေရောက်လာ နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“လေးမျက်နှာ မြို့တည့်တည့် ငဝန်ရေကာတာက ကျိုးသွားတာ။ ကျိုးတော့ အခုမနက်ပိုင်းထိကို လေးမျက်နှာမြို့ မှာ ရှိတဲ့လမ်းတွေအားလုံး မြုပ်သွားပြီ။ အိမ်တွေလည်း တော်တော်ကြီး မြုပ်ပြီးတော့ လူတွေလည်း အကုန်ရွှေ့ ပြောင်းကုန်ကြပြီ” လို့ မြေပြင်မှာရှိနေတဲ့ လေးမျက်နှာမြို့ခံတဦးက ပြောပါတယ်။
လက်ရှိမှာ လေးမျက်နှာ မြို့ပေါ် ရပ်ကွက်အားလုံးနဲ့ ညောင်ပင်ဝဲကျေးရွာအုပ်စု၊ သခွတ်ချောင်းကျေးရွာအုပ်စုနဲ့ သုံးဆက်အုပ်စုတွေရှိ ကျေးရွာပေါင်း ၁၁ ရွာခန့်မှာ ရေမြုပ်နေပြီလို့ ဆိုပါတယ်။
“ညောင်ပင်ဝဲအုပ်စု ရွာ ၆ ရွာ၊ သခွတ်ချောင်းအုပ်စု ၃ ရွာ၊ သုံးဆက်အုပ်စု ၂ ရွာ အဲဒီရွာတွေက အကုန်မြုပ်တယ်။ ရွာထဲတွေမှာဆိုရင် ရေက ခါးလောက် ရောက်နေပြီ။ အိုင်သပြုကို ညနေလောက်ဆိုရင် ရောက်ပြီ။ ဒီညတော့ အိုင်သပြုနဲ့ ဟင်္သာတသွားတဲ့ ကားလမ်းပေ့ါ၊ အဲဒီလမ်းကို ရေကျော်မယ်၊ ရေကျော်ပြီးရင် ငသိုင်းချောင်းဘက်တို့ ဘာတို့ ဆက်သွားမှာ” လို့ လေးမျက်နှာမြို့ခံက ပြောပါတယ်။
ရေက တရိပ်ရိပ်တက်နေတာဖြစ်ပြီး ဒီနေ့မနက် ၈ နာရီဝန်းကျင်လောက်က တပေဝန်းကျင်သာရှိခဲ့တဲ့ လေးမျက် နှာမြို့ အမှတ်(၂)ရပ်ကွက်မှာ နေ့လယ် ၂ နာရီဝန်းကျင်မှာတော့ ရေအမြင့် လေးပေဝန်းကျင်ထိ တက်လာတာခဲ့ တယ်လို့ ဆိုပါတယ်။
အမှတ်(၂)ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတဦးက “ရေက ခါးကျော်တယ်။ အဲဒါခြံထဲမှာမဟုတ်ဘူး။ လမ်းပေါ်မှာ ခါးကျော်တာ။ တမြို့လုံးမြုပ်နေပြီ။ အခုအထုပ်အပိုးတွေ ယူပြီး ရွှေ့နေကြပါတယ်” လို့ ဒီနေ့ နေ့လယ် ၂ နာရီဝန်း ကျင်မှာ ပြောပါတယ်။
အဲဒီတာကျိုးမှုကြောင့် ရေဘေးသင့်ပြည်သူ တသောင်းခွဲဝန်းကျင်ထိ ရှိနေပြီး အများစုဟာ ကုန်းမြင့်ပိုင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြကာ စားနပ်ရိက္ခာ အခက်အခဲ ရှိနေကြတယ်လို့ ကူညီပေးနေသူတွေက ပြောကြ ပါတယ်။
“ဘုန်းကြီးကျောင်းတွေကို သွားနေတဲ့ လူတွေအကုန်လုံးက လက်လုပ်လက်စားတွေ ချည်းပဲလေ။ အခုက အလုပ် တွေက မရှိတော့ဘူးပေါ့။ ရေတွေ နစ်မြုပ်ပြီးတော့ ဘာမှလုပ်စရာမရှိတော့ဘူးဆိုတော့ သူတို့ အခက်အခဲရှိတာပေ့ါ” လို့ ဒေသခံလူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေအပြင် ရေကာတာ ဆည်ဘောင်ပေါ် တဲထိုးနေထိုင်ကြသူတွေလည်း ရှိနေပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေကို မြို့ခံလူမှုကူညီရေးလုပ်နေသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီရွှေ့ ပြောင်းပေးနေကြပြီး စားနပ်ရိက္ခာ ထောက်ပံ့တာတွေ မရှိသေးဘဲ ကူညီရေးအဖွဲ့တွေလည်း မရောက်လာကြသေး ဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။
အခုတာကျိုးတာဟာ အာဏာသိမ်းစစ်တပ်နဲ့ စစ်အစိုးရရဲ့ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း အရင်တုန်းကလို ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ မရှိခဲ့ဘူးလို့ လေးမျက်နှာမြို့နယ် အိုင်သပြုဒေသ ခံသက်ကြီးပိုင်း အမျိုးသားတဦးက ပြောပါတယ်။
“ဟိုတုန်းကတော့ ရေစိမ့်ပေါက် တွေ့တာနဲ့ ချက်ချင်း ဆည်မြောင်းကနေပြီးတော့ ရေပိတ်တာပေ့ါ၊ ကတုတ်ရိုက်ပြီးတော့ ရေပိတ်တာပေ့ါ။ အခုကျ အဲဒါမျိုးတွေလည်း မလုပ်ကြဘူး” လို့ ဆိုပါတယ်။
အခုရေကြီးမှုဟာ ပြီးခဲ့တဲ့ ၁၉၉၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ထိန်ငူတာ ကျိုးတုန်းကလိုမျိုး ကာလရှည်ကြာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
“ထိန်ငူတာ ကျိုးတုန်းက နှစ်လခွဲလောက်ကြာတယ်။ သီတင်းကျွတ်လောက်မှ အိမ်ပြန်လို့ရတယ်။ အခုလည်း အဲဒီ လောက်ဖြစ်နိုင်တယ်လို့ ကျွန်တော်တွက်တယ်။ မြစ်ထဲကတော့ ရေက တအားကြီးရှိတာမျိုး မဟုတ်ဘူးလေ။ သို့သော် သူက တပေဆိုရင်တောင်မှ သူ့ရဲ့ အလျားအနံနဲ့ တွက်လိုက်ရင် သူရဲ့ရေထုထည်က အဆမတန်ကြီးတာပေါ့၊ ငဝန်မြစ်က ရေတွေတင်မကဘူး ဟင်္သာတဘက်က ဧရာ၀တီမြစ်ရေတွေပါ ဝင်လာမှာပေ့ါ။ နိမ့်တဲ့နေရာကို ဇွတ်ဝင် နေတော့တာ” လို့ အဆိုပါအိုင်သဗြုဒေသခံက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ ရေကာတာ ကျိုးပေါက်မှု အနည်းဆုံး သုံးကြိမ် ကြုံတွေ့ခဲ့ရပြီး ဧရာ၀တီတိုင်းရဲ့ မြို့နယ် ထက်ဝက်နီးပါး နေအိမ်ရေနစ်မြုပ်တာ၊ ကျွဲနွားတိရစ္ဆာန်တွေ သေကြေ၊ ပျက်စီးတာ၊ လယ်ယာမြေတွေ ရေကြီးနစ် မြုပ်တာတို့နဲ့ ကြုံခဲ့ရကာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်၊ ရုံးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။
၁၉၇၄ ခုနှစ်မှာ ဟင်္သာတမြို့နယ် အိပ်ပျက်ရေကာတာကျိုးပေါက်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ လေးမျက်နှာမြို့နယ် ထိန်ငူ ရေကာတာကျိုးပေါက်ကာ၊ ၁၉၉၇ ခုနှစ်မှာ ဟင်္သာတမြို့နယ် ကျွဲတဲကုန်းရေကာတာ ကျိုးပေါက်ခဲ့တာ ဖြစ်ပါတယ်။
ငဝန်မြစ်ရဲ့ ပန်းတာအမျိုးအစား ရေကာတာဟာ မနေ့က ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃ ကျော်လောက်ကစပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့တို့က တာဘောင်ထပ်ပြီး နိမ့်ဆင်းတာ မဖြစ်ရအောင် တုတ်ရိုက်တာ၊ သဲအိတ်စီတာတွေ လုပ်ခဲ့ကြပေမယ့် ထိန်းမနိုင်တော့ဘဲ ရေစိမ့်ပေါက်ပိုကျယ်၊ တာကျိုးတဲ့ အနေအထားထိ ရောက်သွားခဲ့ရတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ကျိုးသွားတဲ့တာတမံအပေါက်ဟာ ပေ ၁၅၀ ဝန်းကျင်လောက် ကျယ်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါ တယ်။အခုလို တာတမံကျိုးကျပြီး ရေကြီးမှုဖြစ်စဉ်ဟာ စစ်အစိုးရရဲ့ ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ “ရေကာတာတွေ မကျိုးပေါက်စေရေး တာတမံတွေ ကြံ့ခိုင်ကောင်းမွန်စေဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီးအဆို” အတည်ပြုပြီး တလကျော်အကြာမှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီအရေးကြီးအဆိုကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ လွှတ်တော်မှာ လေးမျက်နှာမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က တင်သွင်းခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကာ အတည်ပြုခဲ့တာပါ။
အဆိုအတည်ပြုပြီးနောက် တိုင်းအစိုးရအဖွဲ့ဟာ ရေကာတာအချို့ကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး ကွင်းဆင်း စစ်ဆေးတာတွေ ရှိခဲ့ပေမယ့် ရေကာတာတွေ ကြံ့ခိုင်ရေးအတွက် လုပ်ဆောင်တာတွေတော့ မတွေ့ခဲ့ရ ဘူးလို့ ဒေသခံတွေက ပြောထားကြပါတယ်။