မြင်းခြံ၊ဆုံရွာကို PDFတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေထိခိုက် သေဆုံးခဲ့တယ်ဆိုပြီး ပုံအဟောင်းတွေအသုံးပြုပြီး သတင်းမှားဖြန့် 

မြင်းခြံ၊ဆုံရွာကို PDFတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေထိခိုက် သေဆုံးခဲ့တယ်ဆိုပြီး ပုံအဟောင်းတွေအသုံးပြုပြီး သတင်းမှားဖြန့် 

 

ဇူလိုင် ၂၂၊ ၂၀၂၆။

(Fact-check _DNA/The Red Flag/MFCN)

 

မြင်းခြံမြို့နယ်၊ ဆုံရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ရက်က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူအများပြားထိခိုက်သေဆုံးခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီသတင်းမှားကို စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ မင်းခေါင်ချန်နယ်ကနေ “မြင်းခြံ၊ ဆုံရွာ၌ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ကလေးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သားအများအပြား သေဆုံး၊ ဒဏ်ရာရ” ဆိုတဲ့ခေါင်းစဥ်နဲ့ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုများပြားနေပါတယ်။

သတင်းမှားလင့် – https://archive.ph/axwXr 

 

ပျံ့နှံ့လာတဲ့အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA ကနေ စစ်ဆေးကြည့်တဲ့အခါမှာ  မန္တလေးတိုင်း၊ မြင်းခြံဆုံရွာမှာ လက်တလောအခြေအနေအရ တိုက်ပွဲဖြစ်ပွားခြင်းမရှိတာကို တွေ့ရပါတယ်။

 

သတင်းစိစစ်ချက်

 

ပျံ့နှံ့လာတဲ့ သတင်းမှားမှာ အသုံးပြုထားတဲ့ ရုပ်ပုံ ၄ပုံထဲက ရုပ်ပုံ ၃ပုံဟာ ဆုံရွာနဲ့ သက်ဆိုင်တဲ့ရုပ်ပုံတွေမဟုတ်သလို အဲ့ဒီ၃ပုံထဲက တပုံကလည်း AI နည်းပညာနဲ့ဖန်တီးထားတဲ့ ရုပ်ပုံတုတခုဖြစ်တာကိုတွေ့ရပါတယ်။

 

သတင်းမှားမှာ  ပါဝင်တဲ့ ဓါတ်ပုံ (၁) ကို စိစစ်ကြည့်ရာမှာ ၂၀၂၃ခုနှစ်အတွင်းက  ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးခရိုင်၊ အမှတ် ၁ တပ်ရင်းကနေ  မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပြစ်ခတ်တိုက်ခိုက်စဥ်က ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံဖြစ်ပြီး The Hakha Post သတင်းဌာနကနေပြီးခဲ့တဲ့ ၂၀၂၃၊ ဖေဖော်ဝါရီ၊ ၁၁က သတင်းရေးသားဖော်ပြခဲ့ပါသေးတယ်။

The Hakha Post သတင်းဌာနကဖော်ပြခဲ့တဲ့သတင်း  – https://www.facebook.com/share/p/1HbShgr5Z4/ 

 

ဓါတ်ပုံ (၂)ဟာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ချိန်က ရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်ပြီး မဇ္ဈိမ သတင်းဌာနက သတင်းရေးသားအတည်ပြုထားတာကိုတွေ့ရပါတယ်။

မဇ္ဈိမသတင်းဌာနက ဖော်ပြခဲ့တဲ့သတင်း – https://bur.mizzima.com/2026/05/22/91062 

 

သတင်းတုမှာ ဖော်ပြထားတဲ့ တတိယမြောက် ဓာတ်ပုံကို စိစစ်ကြည့်ရာမှာလည်း အဲ့ဒီဓါတ်ပုံမှာAI နည်းပညာနဲ့ လုပ်ကြံဖန်တီးထားတဲ့ ပုံဖြစ်ကြောင်း Image Whisperer ရဲ့ စိစစ်စစ်ဆေးချက်များအရ အတည်ပြုနိုင်ခဲ့ပါတယ်။

Image Whispererကနေ အတည်ပြုပေးထားတဲ စိစစ်ချက် –  https://imagewhisperer.org/analysis/ejPrLBmM 

 

ကလေးငယ်တွေအပါအဝင် သေဆုံးနေတဲ့ အရပ်သားပြည်သူတွေရဲ့ ဓါတ်ပုံကို စစ်ဆေးကြည့်တဲ့အခါမှာ၂၀၂၄ ၊ မေ ၉ မှာ ဖြစ်ပွားခဲ့တဲ့ မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းတိုက်ပွဲဖြစ်စဥ်က ဓါတ်ပုံဖြစ်ပြီး BBC မြန်မာပိုင်မှာလည်း သတင်းဖော်ပြခဲ့ပါသေးတယ်။

BBC မြန်မာပိုင်းမှာဖော်ပြခဲ့တဲ့သတင်း – https://www.bbc.com/burmese/articles/cg30dr18yxeo 

 

သုံးသပ်ချက်

 

ပျံ့နှံ့နေတဲ့သတင်းမှားကို စိစစ်ကြည့်တဲ့အခါမှာ မြင်းခြံ၊ ဆုံရွာမှာ လက်တလောအခြေအနေအရ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို မူရင်းဖြစ်စဥ်ကို  လ်ွဲမှားဖော်ပြထားတဲ့အပြင် ဆုံရွာနဲ့ မသက်ဆိုင်တဲ့ တခြားဒေသနေရာက ပုံတွေနဲ့ AI နဲ့ဖန်တီးထားတဲ့ ရုပ်ပုံတုတွေကပါ ရောနှောအသုံးပြုထားတဲ့သတင်းမှားတွေသာဖြစ်ပါတယ်။

 

ပျံ့နှံ့လာတဲ့ဝါဒဖြန့်သတင်းအမှားကို စစ်ကောင်စီလော်ဘီတွေကနေ စနစ်တကျဖြန့်ဝေခဲ့ဖူးသလို တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ပုံရိပ်ကျဆင်းစေဖို့နဲ့ ပြည်သူတွေအထင်အမြင်လွဲမှားစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားဖြစ်တာကို တွေ့ရပါတယ်။ 

 

စစ်တပ်လက်အောက်ခံ မီဒီယာတခုကနေဖြန့်ဝေခဲ့တဲ့ ဆုံရွာသတင်းမှား – https://archive.ph/v7Z1W 

ပျံ့နှံ့လာတဲ့အကြောင်းအရာကို စိစစ်ကြည့်ရာမှာလည်း မြင်းခြံ၊ ဆုံရွာ တိုက်ပွဲအတွင်း အရပ်သား ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာမျိုး ပြုလုပ်ခဲ့တာမရှိဘူးလို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည် ရှင်းလင်းချက်တွေနဲ့ မြေပြင် သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/    

Fb – https://www.facebook.com/myanmarfactcheckingnetwork  

 

#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်