ဖုန်းတလုံးရှိရုံနဲ့ ပိုက်ဆံရမယ်ဆိုတဲ့ မက်လုံးနဲ့ ဆွဲဆောင်တဲ့  အိမ်ထောင်ရှင်မတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေ

 

 ဖုန်းတလုံးရှိရုံနဲ့ ပိုက်ဆံရမယ်ဆိုတဲ့ မက်လုံးနဲ့ ဆွဲဆောင်တဲ့  အိမ်ထောင်ရှင်မတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေ

 

ဇူလိုင် ၂၄၊ ၂၀၂၆။

(Fact-check _DNA)

 

ဒီလပိုင်းမှာ  လူမှုမီဒီယာတွေမှာ  အင်တာနက်သုံးတတ်ရုံနဲ့ လူတိုင်း အိမ်မှာနေရင်း ဖုန်းတလုံးရှိတာနဲ့ ပိုက်ဆံအလွယ်တကူရှာနိုင်မယ် ဆိုတယ် ကြော်ငြာတွေ၊ ပို့စ်တွေ၊ ခပ်စိပ်စိပ်တွေ့လာရပါတယ်။

 

ဒီလိုကြော်ငြာအများစုဟာ အိမ်ထောင်ထိန်းရင်း အပိုဝင်ငွေရှာချင်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေကို အဓိက ပစ်မှတ်ထား ပြီး ငွေကြေးလိမ်လည် ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

 

ဒါကြောင့် ဒီလိုလိမ်လည်မှုတွေမှာ သုံးလေ့ရှိတဲ့ နည်းလမ်းတွေ၊ အဆင့်ဆင့် လိမ်လည်ပုံတွေနဲ့ ကာကွယ်ရမယ့် အချက်တွေကို  MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ အချက်အလက်စ်ဆေးပြီး ဖော်ပြပေးသွားပါမယ်။

 

လူမှုကွန်ရက် ပလက်ဖောင်းတွေကတဆင့် အသွင်ပြောင်း လိမ်လည်လာပုံ

 

ခုနောက်ပိုင်းမှာ တယ်လီဂရန်နဲ့ ဗိုက်ဗာ (viber)တို့လို မက်ဆေ့ဂျ်အက်ပ်တွေကို သုံးပြီး ပုံစံမျိုးစုံနဲ့ လိမ်လည်မှုတွေ ပိုများလာပါတယ်။

 

“ခုတလော Telegram ချန်နယ်တွေမှာ မူမမှန်တဲ့ လင့်တွေကတဆင့် လောင်းကစား၊ ကျားဖြန့် ငွေလိမ်တာတွေအပြင် ငွေအတု ရောင်းတာတွေပါ ပါလာတာမျိုး ဂရုတွေကို အသွင်ပြောင်း လိမ်လာကြတယ်။ Viber မှာဆိုရင်လည်း ဖုန်းနံပါတ် အစိမ်းတွေ၊ နိုင်ငံခြား နံပါတ်တွေနဲ့ လင့်တွေ ဝင်လာပြီးတော့၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးပိုင်းတွေက မရှောင်နိုင်ဘဲ လိမ်ခံရတာ ပိုများတယ်” လို့ အပြင်မှာ စီးပွားရေးလုပ်ကိုင်နေတဲ့ အိမ်ထောင်ရှင်မ မသွယ်သွယ်က ထောက်ပြပြောဆိုပါတယ်။

 

ဒါ့အပြင် အိမ်ရှင်မတဦးဖြစ်တဲ့ မအိကလည်း “ဖုန်းအော်ပရေတာ ဌာနတွေကပါဆိုပြီး မသင်္ကာစရာ စာတွေ၊ ငွေထည့်ရင် ဘယ်လောက်ပြန်ရမယ်ဆိုတာတွေ ပို့လာတတ်တယ်။ ကိုယ်နဲ့ မသိတဲ့သူတွေဆီက စာဝင်လာရင် စာမပြန်ဘူး၊ ဝင်မကြည့်ဘဲ ဖျက်ပစ်လိုက်တယ်” လို့ သူကြုံတွေ့ရပုံကို ပြောပါတယ်။

 

လိမ်လည်သူတွေ သုံးလေ့ရှိတဲ့ အဆင့် (၄) ဆင့်

 

လိမ်လည်သူတွေဟာ ရုတ်တရက် ငွေတောင်းတာမျိုး မဟုတ်ဘဲ သားကောင်ဖြစ်သူ ရင်းနှီးယုံကြည်လာအောင် စနစ်တကျ အကွက်ဆင် ဆက်ဆံကြတာ ဖြစ်ပါတယ်။

 

၁။ ယုံကြည်မှုနဲ့ ရင်းနှီးမှုကို စတင်တည်ဆောက်ခြင်း

 

ပထမဆုံးအနေနဲ့ လူမှုကွန်ရက် ဒါမှမဟုတ် မက်ဆေ့ဂျ်အက်ပ်တွေကနေတဆင့် မိတ်ဆွေဖွဲ့ ရင်းနှီးအောင် စကားပြောကြပါတယ်။ အချို့ဖြစ်စဉ်တွေမှာ ရိုးရိုးမိတ်ဆွေအဆင့်ကနေ နွေးထွေးစွာ စကားပြောရင်း လိင်ပိုင်းဆိုင်ရာ အရိပ်အယောင်ပြတဲ့အထိ ဆက်ဆံရေးအဆင့်ကို အကဲခတ်ပြီး တဖြည်းဖြည်း တိုးမြှင့်လာတတ်ကြပါတယ်။ ဒီလို ရင်းနှီးမှုနဲ့ ယုံကြည်မှုကို အခြေခံပြီးမှ စိစစ်ထားခြင်းမရှိတဲ့ “အိမ်မှာနေရင်း အမြတ်အများကြီးရမယ့်” အွန်လိုင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို စတင်မက်လုံးပေး စည်းရုံးတာ ဖြစ်ပါတယ်။

 

၂။ အသင်းဝင်ကြေး သို့မဟုတ် စနစ်သုံးစွဲခ တောင်းခံခြင်း

 

ရင်းနှီးမြှုပ်နှံမှု မစတင်မီ သို့မဟုတ် အကျိုးအမြတ် ရရှိမည်ဟု မက်လုံးပေးကာ အသင်းဝင်ကြေး၊ နည်းပြခ သို့မဟုတ် စနစ်သုံးစွဲခ ဆိုတဲ့ အမည်တပ်ပြီး ငွေကြေး စတင်တောင်းခံပါတယ်။

 

၃။ ပလက်ဖောင်းအတု သုံးပြီး ငွေများစွာ တိုးနေသလို ပြသခြင်း

 

တရားဝင် မဟုတ်တဲ့ အပ်(app) အတုတွေ သို့မဟုတ် ဝက်ဘ်ဆိုက်အတုတွေပေါ်မှာ ငွေကြေး ထည့်ဝင်ခိုင်းပါတယ်။ အဲဒီ စနစ်အတုထဲမှာ မိမိ ထည့်ဝင်ထားတဲ့ ငွေကြေးနဲ့ အမြတ်ငွေတွေ တဟုန်ထိုး တိုးပွားနေတဲ့ ပုံစံမျိုး လိမ်လည်ဖန်တီး ပြသထားတာ ဖြစ်ပါတယ်။

 

၄။ ပိုမိုနက်ရှိုင်းစွာ လိမ်လည်ခြင်း (ငွေထုတ်မရအောင် ပြုလုပ်ပြီး ထပ်မံ ငွေတောင်းခြင်း)

 

အစပိုင်းမှာ ယုံကြည်မှု ပိုရသွားအောင်လို့ အမြတ်ငွေ အနည်းငယ်ကို တကြိမ်၊ နှစ်ကြိမ် အမှန်တကယ် ထုတ်ယူခွင့် ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ငွေအများကြီး ရင်းနှီးလိုက်တဲ့အခါ ငွေထုတ်ယူလို့ မရတော့အောင် ပြုလုပ်လိုက်ပါတယ်။ အဲဒီနောက် အကောင့်ကို ပိတ်ဆို့လိုက်တာ သို့မဟုတ် မိမိငွေ ပြန်ထုတ်ချင်ရင် “အတည်ပြုကြေး”၊ “ဝန်ဆောင်ခ” သို့မဟုတ် “အခွန်” အမည်မျိုးစုံ တပ်ပြီး ငွေတွေကို ထပ်မံ လွှဲခိုင်းကာ အကွက်ကျကျ လိမ်လည်သွားကြတာ ဖြစ်ပါတယ်။

 

ထိုင်ဝမ်လူဝင်မှုကြီးကြပ်ရေးဌာနက ငွေကြေးလိမ်လည်ခြင်းနဲ့ပတ်သက်ပြီး မြန်မာလို ထုတ်ပြန်ပေးထားတဲ့သတိပေးချက် – https://bit.ly/4pCXr7y 

 

ဒီလို လိမ်လည်မှုတွေကနေ ဘယ်လို ကာကွယ်မလဲ

 

အတည်မပြုနိုင်တဲ့ ခြင်းမရှိတဲ့၊ သေချာ စိစစ်ထားခြင်း မရှိတဲ့ အွန်လိုင်း ပလက်ဖောင်းတွေ၊ အက်ပ်တွေကနေတဆင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှု လုံးဝ မပြုလုပ်ပါနဲ့။

 

ရင်းနှီးမြှုပ်နှံထားတဲ့ ငွေ ဒါမှမဟုတ် ရရှိထားတဲ့ အမြတ်ငွေတွေကို ပြန်လည်ထုတ်ယူဖို့အတွက် အတည်ပြုကြေး ဒါမှမဟုတ် ဝန်ဆောင်ခ ဆိုပြီး ငွေထပ်လွှဲခိုင်းရင် ဒါဟာ ၁၀၀% လိမ်လည်မှု ဖြစ်ပါတယ်။

 

အလုပ်လုပ်စရာ မလိုဘဲ ဒါမှမဟုတ် ပင်ပန်းမှု မရှိဘဲ ဖုန်းတလုံးနဲ့ အမြတ်အများကြီး ရမယ်ဆိုတဲ့ ကြော်ငြာမျိုးတွေ၊ အလွယ်ရမယ့် မက်လုံးတွေကို အလွယ်တကူ မယုံကြည်ပါနဲ့။

 

“အွန်လိုင်းငွေလိမ်သူတွေက အဓိက အိမ်ထဲမှာပဲနေတဲ့ အိမ်ရှင်မတွေကို ပစ်မှတ်ထားပြီး အလကားနေရင်း ပိုက်ဆံရမယ့် နည်းနဲ့ ဆွယ်ကြတာ။ အိမ်ရှင်မတွေအနေနဲ့ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် ကိုယ်လက်လှမ်းမီပြီး ယုံကြည်ရတဲ့သူတွေနဲ့ပဲ လုပ်တာမျိုး ဒါမှမဟုတ် အပြင်မှာ ပိုက်ဆံကို ရင်းနှီးပြီး ဈေးရောင်းတာမျိုးပဲ လုပ်စေချင်တယ်” လို့ အိမ်ထောင်ရှင်မ မခခ က အကြံပြုထားပါတယ်။

 

အိမ်ရှင်မတွေကို ပစ်မှတ်ထားပြီး ငွေကြးလိမ်လည်နေကြတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့ ဘဏ်တွေကနေလည်း သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

 

ဒီလို အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတခုဖြစ်တဲ့ Dawei Watch က “စစ်အာဏာသိမ်းမှု အကျိုးဆက် စစ်ရေးပဋိပက္ခတွေကြား တရားဥပဒေစိုးမိုးမှု မရှိတော့တာကို အခွင့်ကောင်းယူပြီး ငွေလိမ်သူတွေ ခေါင်းထောင်လာကြပါတယ်” ဆိုပြီး သတိပေး ဖော်ပြထားပါသေးတယ်။

 

Dawei Watch သတင်းဌာနကဖော်ပြထားတဲ့သတင်း  –  https://www.facebook.com/share/p/1DYEifyhu1/ 

 

ဒါ့အပြင် A Bank (A+ Wallet) ရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း အခုလို ရင်းနှီးမြှုပ်နှံမှု အသွင်ဆောင်ပြီး ဖေ့ဘွက် ကနေ ဆက်သွယ်ကာ ကျပ်သိန်း (၉,၀၀၀) ကျော်အထိ လိမ်လည်ခံခဲ့ရတဲ့ လက်တွေ့ဖြစ်စဉ်တခုကို ထောက်ပြထားပြီး မိမိငွေ ပြန်ထုတ်ယူဖို့အတွက် အခွန်​ ဒါမှမဟုတ် ဝန်ဆောင်ခဆိုတဲ့ အမည်တပ်ပြီး ငွေထပ်မံတောင်းခံတာမျိုးတွေ့ရင် ၁၀၀% လိမ်လည်မှု ဖြစ်တာမို့ လုံးဝ မလွှဲပြောင်းပေးကြဖို့ သတိပေးထားတပါတယ်။

 A+ Wallet ကနေဖော်ပြထားတဲ့ သတိပေးချက် – https://bit.ly/4b5Wcrt

 

အလားတူ CB Bank ကလည်း ဘဏ်ဝန်ထမ်းယောင်ဆောင်ပြီး SMS၊ Email နဲ့ Call Center နံပါတ်အတုတွေကနေတဆင့် လျှို့ဝှက်နံပါတ်တွေ၊ OTP နဲ့ ကတ်အချက်အလက်တွေကို တောင်းယူကာ အကောင့်ထဲက ငွေတွေကို ခိုးယူလိမ်လည်နေတာတွေ ရှိတာကြောင့် မည်သည့်ဘဏ်ဝန်ထမ်းကိုမျှ လျှို့ဝှက်အချက်အလက်တွေ ပေးမသိဖို့အသိပေးထားပါသေးတယ်။

 

[CB Bank ကနေ ဖော်ပြထားတဲ့ သတိပေးချက် – https://www.cbbank.com.mm/en/news/8902 

 

လက်ရှိမှာလည်း အွန်လိုင်း ငွေလည်မှုတွေ တဟုန်ထိုး များပြားလာတာကြောင့် အွန်လိုင်း ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့အကြောင်း BBC Burmese ကလည်း သတင်းရုပ်သံဖော်ပြရေးသားထားပါသေးတယ်။ 

BBC – Burmese က ဖော်ပြထားတဲ့ သတင်းရုပ်သံ – https://www.bbc.com/burmese/articles/cqjpey4vvk0o 

 

ဒါကြောင့် အွန်လိုင်းကနေ ငွေကြေး စုဆောင်း/ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် ဘာမဆို မပြုလုပ်မီ ပတ်ဝန်းကျင်နဲ့ သေချာ တိုင်ပင်စိစစ်ပြီးမှ ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

 

ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်