
ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာသီရီဆာ လာဇာရို က အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ဖို့ ဆက်ပြီးကတိပြုထားကြောင်း ပြောပါတယ်။
၂၃ ၊ ဇူလိုင်
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်ကစပြီး ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းအတွက် ရေရှည်တည်တံ့ပြီး မြန်မာကိုယ်တိုင် ဦးဆောင်တဲ့ ဖြေရှင်းနည်းတခု ဖော်ဆောင်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက သူတို့ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။
ဇူလိုင် ၂၂ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒေသတွင်းငြိမ်းချမ်း တည်ငြိမ်ရေးနဲ့ အာဆီယံရဲ့ အဓိက ဦးဆောင်မှု အခန်းကဏ္ဍကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာသီရီဆာ လာဇာရို က အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ဖို့ ဆက်ပြီးကတိပြုထားကြောင်း ပြောပါတယ်။
“ဒီအစည်းအဝေးတွေကနေတစ်ဆင့် မြန်မာနိုင်ငံကိုယ်တိုင်နဲ့ မြန်မာနိုင်ငံကပဲ ဦးဆောင်တဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခု ရရှိရေး မြန်မာကို ကူညီပေးဖို့ ကျွန်မတို့ရဲ့ ကတိကဝတ်အပေါ် အကောင်းမြင်ပါတယ်။ ဒါဟာ နောက်ဆုံးမှာ မြန်မာပြည်သူတွေနဲ့ ဒေသတစ်ခုလုံးကို အကျိုးပြုမှာ ဖြစ်ပါတယ်” လို့ လာဇာရို က ဆိုပါတယ်။
၂၀၂၁ ခုနှစ်နှစ် အာဆီယံညီလာခံမှာ အတည်ပြုခဲ့တဲ့ ဘုံသဘောညီချက် ၅ရပ်အရ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ အထူးသံတမန်တဦး ခန့်အပ်ဖို့နဲ့ အထူးသံတမန်ကို မြန်မာနိုင်ငံလာရောက်ခွင့်ပြုဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ သီးသန့်ဆွေးနွေးပွဲတွေရဲ့ ရလဒ်တွေကို အခြေခံပြီး အခုလို ဆက်လက်ဆွေးနွေးခဲ့တာပါ။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အမေရိကန် ၊ ဂျပန် ၊ တောင်ကိုရီးယား တရုတ် စတဲ့နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်လာပြီး အရှေ့တောင်အာရှအပြင် တကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ သက်ဆိုင်ရာအကြောင်းအရာတွေကိုလည်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
Ref – asean2026