မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ စစ်တပ်နဲ့ပျူစောထီးတွေ သတ်သွားတဲ့ အရပ်သားပြည်သူ ၄ ဦးကို အရပ် ဝတ် PDF တွေ ဆိုပြီး သတင်းမှားဖြန့် 

မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ စစ်တပ်နဲ့ပျူစောထီးတွေ သတ်သွားတဲ့ အရပ်သားပြည်သူ ၄ ဦးကို အရပ် ဝတ် PDF တွေ ဆိုပြီး သတင်းမှားဖြန့် 

 

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ   ၂၂    ရက်

 

Fact Check ( DNA /ဟုတ်တယ် Vs မဟုတ်ဘူး / The Red Flag / MFCN )

 

☑️အနှစ်ချုပ်

မြိုင်မြို့နယ်က PDF တွေ အရပ်ဝတ်တွေနဲ့ ပြေးလွှားရင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သလို  အရပ်ဝတ် PDF အလောင်းတွေ တွေ့ရှိရတယ်လို့ စစ်အုပ်စုရဲ့ဝါဒဖြန့်လော်ဘီ တယ်လီဂရန်ချန်နယ်တွေမှာ ရေးသား ဖြန့်ဝေထားသည့် အကြောင်းအရာဟာ   DNA နဲ့ ဟုတ်တယ် Vs မဟုတ်ဘူး တို့က  အချက်အလက်စစ် ဆေးလိုက်တဲ့အခါ  ဖြစ်စဉ်အမှန်ကိုအခြေပြုပြီး အကြောင်းအရာနဲ့ အချက်အလက်တွေကို လိုရာပုံသွင်းပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။  

 

☑️ဖြန့်ဝေတဲ့အကြောင်းအရာ

“ဇူလိုင် ၁၃ ရက်နေ့က မြိုင်မြိုနယ်အကြမ်းဖက် PDF တွေက ပြေးရင်းလွှားရင်းသေရင်း ကံနက်၊ လက်ခုတ် ပင်၊ ကိုင်းတောမရွာ၊ ထန်းငယ်တောရွာတွေကိုလည်း မီးရှိပြာချ ဖျက်ဆီးသွားကြပါသေးတယ်။ အရပ်ဝတ် PDF အလောင်းတွေ့ထားတယ်။ မြိုင်နဲ့ပေါက် PDF တွေကတော့ရွာတိုင်း ရှိတာ။ ရွာတိုင်း ပ သုံးလုံး ရှိနေ တော့ ဒီလိုသုတ်သင်မှ ရှင်းမှာပြောင်မှာဘဲ”လို ပြောပါတယ်၊ ဒီနေ ၁ နာရီ မြိုင်မြိုနယ် အရှေ့ခြမ်းဝါးကန် PDF ရွာအား ခြောက်ကြိမ် လိုက်လံ ဗုံးကြဲသုတ်နေပါတယ်။ မြိုင်-ပေါက်မြိုနယ်မှာ နီပိတ်ဦးရေ ငါးသောင်း နီးပါး ရှောင်နေပြေးနေရပါတယ်လို ခွေးသစ်ဌာနကို အော်ပြောနေပါတယ်”(မူရင်းအတိုင်း)လို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှာ စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ Thar Sitt (Psy) ကနေ ဓါတ်ပုံ ၄ ပုံနဲ့အတူ စတင်ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။ 

Thar Sitt(Psy)- https://archive.ph/x6gLc   

 

ဒီအကြောင်းအရာကို Thar Sitt(Psy) တယ်လီဂရန်ချန်နယ်မှာ Reaction ၂၅ ခု၊ View 8032 နဲ့ Share 16 ခုထိ ရှိနေခဲ့တာကို တွေ့ရပါတယ်။

 

အဲဒီဖြန့်ဝေမှုကိုဘဲ အခြားတယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ K S News, Truth Media, နေပြည်တော်၊ နောင်ရိုးဟစ်တိုင်တို့က ထပ်မံဖြန့်ဝေခဲ့လို့ ပိုမိုပျံ့နှံ့ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ 

K S News- https://archive.ph/lpJOi 

နောင်ရိုးဟစ်တိုင်- https://archive.ph/Sua58 

 

အဲဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency နဲ့ ဟုတ်တယ် Vs မဟုတ်ဘူး တို့က စစ်ဆေးကြည့်တဲ့အခါ စစ်အုပ်စုရဲ့ စစ်သားတွေ၊ ရဲကွန်မန်ဒိုရဲတပ်ရင်းနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက စစ်ကြောင်းထိုးကာ ရွာမီးရှို့ပြီး အရပ်သားပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့တဲ့ဖြစ်စဉ်ကို အရပ်ဝတ် PDF တွေသေဆုံးခဲ့တာလို့ လိမ်လည်ရေးသားခဲ့မှုသာဖြစ်တာကို စိစစ်သိရှိရပါတယ်။

 

☑️ သတင်းစိစစ်ချက်

ဝါဒဖြန့်တယ်လီဂရမ် ချိန်နယ်က တင်ထားသည့် ဓာတ်ပုံကို google lens ဖြင့်ရှာဖွေကြည့်ရာ Mandalay Free Press သတင်းမီဒီယာ နှင့် PSM News တို့တွင် တင်ထားသည့် သတင်းဓာတ်ပုံနှင့် တူညီနေသည်ကို တွေ့ရှိရပါတယ်။ 

Mandalay Free Press ကနေ “မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့မြိုင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စု က အင်အား ၁၀၀၀ လောက်အထိ သုံးကာ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ နေပြီး ၃ ရက်အတွင်း ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီးကာ ဒေသခံပြည်သူ ၄ ဦးကိုလည်း ညှဉ်းပန်းသတ်ဖြတ်၊ မြေမြှုပ်စွန့်ပစ်ခဲ့တာ တွေ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။” ဆိုပြီး သတင်း တင်ဆက်ထားပါတယ်။ 

သတင်းအအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

https://mfp-mm.com/news/7797/ 

 

PSM (News) ကနေ “မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အာဏာ လုစစ်အုပ်စုက တောတဲ (တောတွင်းယာယီတဲများ)များတွင် စစ်ဘေးရှောင်နေသည့် အပြစ်မဲ့အရပ်သား အမျိုးသား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ယခုအခါအင်အား ၁,၀၀၀ ခန့်ဖြင့် တပ်ဖြန့်ကာ စစ်ကြောင်း ထိုးနေကြောင်း အညာမြေအရပ်ဘက်အဖွဲ့အစည်း (မြိုင်) ထံမှ သိရသည်။” ဆိုပြီး တင်းတင်ဆက်ထား ပါတယ်။ 

သတင်းအအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

https://psmmyanmar.com/18-7-2026-5/ 

“မြိုင်မြို့နယ်အနောက်တောင်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ လမ်းတလျှောက်က ကျေးရွာတွေဖြစ်တဲ့ ကန်နက်ရွာကို ၁၃ ရက်ညနေပိုင်း၊ လက်ခုပ်ပင်ရွာကို ၁၃ ရက်ညပိုင်းနဲ့ ၁၄ ရက် မနက်ပိုင်း၊ ညောင်ကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောရွာတွေကို ၁၅ ရက်မနက်ပိုင်းတွေမှာ မီးရှို့ဖျက်ဆီးခဲ့ ရာ ကိုင်းတောမရွာမှ ပြည်သူနေအိမ် ၂ လုံး၊ ညောင်ကုန်းရွာမှ ပြည်သူနေအိမ် ၅ လုံး၊ ထန်းငယ်တောရွာမှ ပြည်သူနေအိမ် ၄ လုံး၊ လက်ခုပ်ပင်ရွာမှ ပြည်သူနေအိမ် ၂၈ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ 

ဒါအပြင် အသက် ၅၀ မှ ၆၀ ကြားအရွယ်ရှိ စစ်ရှောင်ပြည်သူတွေဖြစ်တဲ့ ကန်နက်ရွာမှ အမျိုးသား ၂ ဦး၊ မြင်းကိုးသစ်ရွာမှ အမျိုးသား ၁ ဦး၊ ကိုင်းတောမရွာမှ အမျိုးသား ၁ ဦးတို့ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ တယ်”လို့ ဇူလိုင် ၁၅ ရက်မှာ မြိုင်ဒေသတွင်း သတင်းတွေကို ရေးသားနေတဲ့ We Love Myaing, Karenni People’s Voice, The Nation Voice တို့ကနေရေးသားထားတာကို တွေ့ရပါတယ်။

သတင်းအအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

We Love Myaing-  https://shorturl.at/B5EbR  

Karenni People’s Voice- https://archive.ph/Ztteo 

The Nation Voice- https://archive.ph/TXMEq  

 

အလားတူ “မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း​ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်တပ်က သတ်ဖြတ် မြေမြှုပ်ထားတဲ့ ​ကန်နက်၊ မြင်ကိုးသစ်၊ ကိုင်းတောမကျေးရွာတွေက အသက် ၅၀ ကျော်နဲ့ ၆၀ ကျော်အရွယ် စစ်ရှောင် အမျိုးသား ၄ ယောက်ရဲ့ အလောင်းတွေကို ဇူလိုင် ၁၅ ရက်မှာ နယ်မြေရှင်းလင်းရေးလုပ်ရင်း တူးဖော်တွေ့ရှိခဲ့သလို ကန်နက်၊ လက်ခုပ်ပင်၊ ညောင်ကုန်း၊ ကိုင်းတောမ၊ထန်းငယ်တောရွာတွေကနေအိမ် ၅၀ လောက်လည်း မီးရှို့ခံခဲ့ရတာကို ဒေသခံတွေဆီကနေ သိရပါတယ်”လို့ DVB, RFA တို့က ရေးသား ထားတာကို တွေ့ရှိရပါတယ်။

သတင်းအအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

DVB –   https://archive.ph/2M7sr  

RFA-  https://archive.ph/tLuoZ  

 

“မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နက်၊ ညောင်ကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနဲ့ မြင်းကိုးသစ်ကျေးရွာ တွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ ၄ ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး နေအိမ် ၅၀ ကျော် မီးရှို့ခဲ့တာကို စစ်ကြောင်းဝင်ပြီးလို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အဖွဲ့က တွေ့ရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အသတ်ခံသူ စစ်ရှောင် ၄ ဦးလုံးက အမျိုးသားတွေဖြစ်ပြီး အသက် ၅၀ နဲ့ ၆၀ အရွယ် ကန်နက်ကျေးရွာသား ၂ ဦးကို ရွာမြောက်ဖက် တမိုင်အကွာခန့်က လခုပ်ပင်ကျေးရွာမြောက်ဖျားမှာ လက်ပြန်​ကြိုးတုပ်ထားပြီး တော့ တခေါက်ကြောတွေ ဖြတ်တောက်၊ လည်ပင်းလှီးထားတဲ့ဒဏ်ရာတွေနဲ့ မြုပ်ထားပြီး အသက် ၆၇ နှစ် အရွယ် မြင်းကိုးသစ်ရွာသား စစ်ရှောင် ၁ ဦးကို မြင်းကိုးသစ်ဘုန်းကြီးကျောင်းအနီးမှာ နံဘေးကို ဓါးနဲ့ထိုး ထားတဲ့ဒဏ်ရာ၊ အုတ်တံတားအနီးမှာတော့ အသက် ၅၆ နှစ်အရွယ် ကိုင်းတောမရွာသား ၁ ဦးကို ဦးခေါင်း သေနတ်ဒဏ်ရာတွေနဲ့ မြေမြှုပ်ထားတာကို မြင်တွေ့ခဲ့ရလို့ နာရေးပြုလုပ်ပေးခဲ့တယ်” လို့ မြေလတ်အသံ ကရေးသားထားတာကို တွေ့ရပါတယ်။ 

သတင်းအအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

မြေလတ်အသံ-  https://shorturl.at/Luqrw  

 

☑️သုံးသပ်ချက် 

မြိုင်မြို့နယ်အတွင်း ကံနက်၊ လက်ခုပ်ပင်၊ ကိုင်းတောမ၊ ထန်းငယ်တောနဲ့ ညောင်ကုန်းရွာတွေကို စစ်အုပ်စု တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဒုရဲအုပ် ဟန်မင်းသော် ဦးဆောင်တဲ့ ရဲကွန်မန်ဒိုတပ်ရင်း၊ စစ်သားတွေနဲ့ ပျူစောထီး တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့တာ စစ်ရှောင်တွေကို ဖမ်းဆီးသတ် ဖြတ်တာပြုလုပ်ခဲ့ခြင်းဖြစ်တာကို တွေ့ရပါတယ်။ 

 

စစ်အုပ်စုလော်ဘီ တယ်လီဂရန်ချန်နယ်တွေနဲ့ အခြားလူမှုကွန်ရက်အကောင့်တုတွေကနေ စစ်အုပ်စုက အရပ်သားတွေကို သတ်ဖြတ်တာ နေအိမ်မီးရှို့တာတွေကို ပြုလုပ်ကျူးလွန်ပြီးတဲ့အခါတိုင်း “အရပ်ဝတ် PDF တွေက ရွာကို မီးရှို့လို့ စစ်တပ်က ဝင်ရောက်ရှင်းလင်းရာ အရပ်ဝတ် PDF အလောင်းတွေရရှိခဲ့တယ်” ဆိုတဲ့ လိမ်လည်ထားတဲ့ ဇာတ်ညွှန်းကို အမြဲအသုံးပြုရေးသားလေ့ရှိတာကို တွေ့ရပါတယ်။ 

 

စစ်အုပ်စုဟာ နိုင်ငံတကာနဲ့ ပြည်သူလူထုအမြင်မှာ တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်သမားတွေအဖြစ် ပုံဖျက်ဖို့နဲ့ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် အရပ်ဝတ် PDF တွေရွာမီးရှို့ တယ်၊ အရပ်ဝတ် PDF အလောင်းတွေ့တယ်ဆိုပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ကြံလိမ်လည်ဝါဒဖြန့်ရေးသား ထားသည့် သတင်းမှားဖြစ်ပါတယ်။ 

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြလို့ အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ DNA နဲ့ ဟုတ်တယ် Vs မဟုတ်ဘူး Page တို့ ကနေ ဝင်ရောက်ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork