ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံမှာ လောင်စာစတင်ဖြည့်တင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နွေရာသီ အပူရှိန်ပြင်းတဲ့အချိန်တိုင်း လူတွေက လျှပ်စစ်စားတဲ့ အဲကွန်းတွေကို အလုအယက် သုံးကြတာကြောင့် နှစ်စဉ် လျှပ်စစ်ဓာတ်အားကွန်ရက်ပေါ်မှာ ဝန်ပိနေတတ်ပါတယ်။

 

၂၉၊ ဧပြီ။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သူတို့ရဲ့ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံမှာ ယူရေနီယမ်လောင်စာတွေကို ဧပြီလ ၂၈ ရက်၊ အင်္ဂါနေ့မှာ စတင်ဖြည့်သွင်းတော့မှာ ဖြစ်ပါတယ်။

ဒါဟာ ဝန်ပိနေတဲ့ လျှပ်စစ်ဓာတ်အားကွန်ရက်ကို သက်သာရာရစေဖို့အတွက် မဂ္ဂါဝပ် ၂,၄၀၀ ထွက်ရှိမယ့် စက်ရုံကြီးကို လည်ပတ်နိုင်ရေး လုပ်ဆောင်တဲ့ အဓိကခြေလှမ်းတခုပဲ ဖြစ်ပါတယ်။

 

အစိုးရရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ စက်ရုံသာ အပြည့်အဝလည်ပတ်နိုင်မယ်ဆိုရင် လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လျှပ်စစ်လိုအပ်ချက် ၁၀ ရာခိုင်နှုန်းအထိကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

 

အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကုန်ကျမယ့် ရုပူးလ်နျူကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၁၇ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာပါ။

လာမယ့် ဩဂုတ်လမှာ အစောပိုင်းလျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်လောက် စတင်ထုတ်လွှတ်နိုင်ဖို့ မျှော်လင့်ထားပြီး ၂၀၂၇ ခုနှစ်နှောင်းပိုင်းမှာတော့ အပြည့်အဝ ထုတ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

 

“လောင်စာတွေ အကုန်ဖြည့်ပြီးတာနဲ့ ရီရက်တာထဲမှာ ထိန်းချုပ်ထားတဲ့ နျူကလီးယား ဖစ်ရှင်ဓာတ်ပြုမှုတွေကို စတင်တော့မှာပါ” လို့ စက်ရုံရဲ့ သိပ္ပံဆိုင်ရာ သတင်းအချက်အလက်အရာရှိ ဆိုက်ကတ် အာမက်က AFP သတင်းဌာနကို ပြောပါတယ်။ “ဒါဟာ စက်ရုံကို လက်တွေ့စတင်လည်ပတ်တဲ့ အဆင့်ကို ရောက်ရှိသွားတာပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နွေရာသီ အပူရှိန်ပြင်းတဲ့အချိန်တိုင်း လူတွေက လျှပ်စစ်စားတဲ့ အဲကွန်းတွေကို အလုအယက် သုံးကြတာကြောင့် နှစ်စဉ် လျှပ်စစ်ဓာတ်အားကွန်ရက်ပေါ်မှာ ဝန်ပိနေတတ်ပါတယ်။

ဒါပေမဲ့ အခု အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်လာတဲ့ စွမ်းအင်အကျပ်အတည်းနောက်ပိုင်းမှာတော့ လျှပ်စစ်ကန့်သတ်မှုတွေက ပိုပြီးဆိုးရွားလာခဲ့ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ဟာ သူတို့သုံးနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၉၅ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာပါ။

အဲဒီအထဲက အတော်များများက အရှေ့အလယ်ပိုင်းက လာတာဖြစ်ပြီး ဖေဖော်ဝါရီလနှောင်းပိုင်း စစ်ပွဲစကတည်းက ဟော်မုဇ် ရေလက်ကြားကတဆင့် စွမ်းအင်တင်ပို့မှုတွေဟာ အနှောင့်အယှက်တွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

 

သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဖာကီယာ မာဘွတ် အာနမ်ကတော့ ဒီလအစောပိုင်းမှာ ပြောကြားခဲ့စဉ်က လာမယ့် ဩဂုတ်လမှာ လျှပ်စစ်ဓာတ်အားကွန်ရက်ထဲကို ၃၀၀ မဂ္ဂါဝပ်လောက် ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဆိုပါလုပ်ငန်းစဉ်ဟာ အဆင့်တိုင်းမှာ စမ်းသပ်မှုတွေကို အချိန်ယူပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

“ဒါဟာ ရှုပ်ထွေးပြီး သိမ်မွေ့တဲ့ အဆင့်တခုပါ။ အပြည့်အဝ မထုတ်လုပ်ခင်မှာ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တိုင်းကို ထပ်ပြီးတော့ အသေးစိတ် စစ်ဆေးသွားရမှာ ဖြစ်ပါတယ်” လို့ ဒါကာတက္ကသိုလ်က နျူကလီးယား အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ပါမောက္ခ ရှာဖီကူးလ် အစ္စလာမ်က ပြောပါတယ်။

Ref – AFP