ကမ္ဘာ့ရေနံတင်ပို့သူများအဖွဲ့ကနေ UAE နုတ်ထွက်

UAE အနေနဲ့ပင်လယ်ကွေ့ကတဆင့် ရေနံတင်ပို့မှုတွေ ပြန်စနိုင်မှာဖြစ်ပြီး OPEC ရဲ့ ထုတ်လုပ်မှုကန့်သတ်ချက်တွေ အောက်မှာ ရှိမနေတော့တဲ့အတွက် ရေနံကို ပိုပြီးတိုးမြှင့်ထုတ်လုပ်ခွင့် ရသွားမှာပါ။

 

၂၉၊ ဧပြီ။

 

အီရန်စစ်ပွဲကြောင့် မကြုံစဖူး စွမ်းအင်အကျပ်အတည်းတွေ ဆိုက်ရောက်နေချိန်မှာ ပင်လယ်ကွေ့ နိုင်ငံတွေကြားက သဘောထားကွဲလွဲမှုတွေပေါ်ပေါက်လာပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က သူတို့အနေနဲ့ ကမ္ဘာ့ရေနံတင်ပို့သူများအဖွဲ့ (OPEC) ကနေ နုတ်ထွက်တော့မယ်လို့ ဧပြီလ ၂၈ ရက်၊ အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

 

အဆိုပါ အဖွဲ့ထဲမှာ ရေနံအများဆုံး ထုတ်လုပ်သူတွေထဲက တနိုင်ငံဖြစ်တဲ့ UAE နုတ်ထွက်သွားတာကြောင့် ကမ္ဘာ့ရေနံတင်ပို့မှုအပေါ် OPEC ရဲ့ ထိန်းချုပ်နိုင်စွမ်း အားနည်းသွားစေသလို UAE နဲ့ သူ့ရဲ့အိမ်နီးချင်း ဆော်ဒီအာရေဗျတို့ကြားက အက်ကြောင်းကိုလည်း ပိုကြီးသွားစေပါတယ်။

 

UAE အနေနဲ့ ပင်လယ်ကွေ့ကတဆင့် ရေနံတင်ပို့မှုတွေ ပြန်စနိုင်မှာဖြစ်ပြီး OPEC ရဲ့ ထုတ်လုပ်မှုကန့်သတ်ချက်တွေ အောက်မှာ ရှိမနေတော့တဲ့အတွက် ရေနံကို ပိုပြီးတိုးမြှင့်ထုတ်လုပ်ခွင့် ရသွားမှာပါ။

UAE စွမ်းအင်ဝန်ကြီး ဆူဟေးလ် မိုဟာမက် အယ်လ်-မာဇရောင်အီက ရိုက်တာသတင်းဌာနနဲ့ တယ်လီဖုန်းအင်တာဗျူးမှာ အခုလိုဆုံးဖြတ်ချက်ဟာ နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာမဟာဗျူဟာတွေကို ပြန်လည်သုံးသပ်ပြီးနောက် ချမှတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

 

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး UAE အနေနဲ့ တခြားဘယ်နိုင်ငံနဲ့မှ ဆွေးနွေးထားတာမျိုး မရှိဘူးလို့လည်း သူက ဆိုပါတယ်။ “ဒါဟာ မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တခုပါ။ လက်ရှိနဲ့ အနာဂတ် ရေနံထုတ်လုပ်မှု အဆင့်အတန်းနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို သေချာစစ်ဆေးကြည့်ရှုပြီးမှလုပ်ဆောင်ခဲ့တာပါ” လို့ မာဇရောင်အီက ပြောပါတယ်။

 

မေလ ၁ ရက်နေ့မှာ OPEC နဲ့ မဟာမိတ်ထုတ်လုပ်သူတွေ စုဖွဲ့ထားတဲ့ OPEC+ အဖွဲ့ကနေ နုတ်ထွက်တော့မယ်ဆိုတဲ့ UAE ရဲ့ ကြေညာချက်ကြောင့် အင်္ဂါနေ့မှာ နိုင်ငံတကာဈေးကွက်ထဲက ရေနံဈေးနှုန်းတွေ ပြန်ကျသွားပါတယ်။

ဟော်မုဇ် ရေလက်ကြားမှာ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် အဆိုပါသတင်းကနေ ဈေးကွက်အပေါ် ချက်ချင်းကြီး သက်ရောက်မှု အများကြီးရှိလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း မာဇရောင်အီက ပြောပါတယ်။

 

အီရန်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ သင်္ဘောတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် OPEC အဖွဲ့ဝင် ပင်လယ်ကွေ့နိုင်ငံတွေဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်ပို့ဖို့ ခက်ခဲနေကြပါတယ်။ အဆိုပါ ရေလက်ကြားဟာ အီရန်နဲ့ အိုမန်ကြားမှာရှိပြီး ကမ္ဘာ့ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ရည်ငါးပုံတပုံလောက် ဖြတ်သန်းသွားလာတဲ့ အဓိကနေရာ ဖြစ်ပါတယ်။

 

ပင်လယ်ကွေ့က တင်ပို့မှုတွေ ပိတ်မိနေတာကြောင့် ကမ္ဘာ့ရေနံထုတ်လုပ်မှုမှာ OPEC+ ရဲ့ ပါဝင်မှုနှုန်းဟာ ဖေဖော်ဝါရီမှာ ၄၈ ရာခိုင်နှုန်း ရှိခဲ့ရာကနေ မတ်လမှာ ၄၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က ပြောပါတယ်။

ထုတ်လုပ်မှုရပ်နားတာတွေ ပိုများလာတဲ့အတွက် ဧပြီလမှာ ပိုဆိုးလာနိုင်သလို မေလမှာတော့ စတုတ္ထမြောက် အကြီးမားဆုံး ထုတ်လုပ်သူဖြစ်တဲ့ UAE နုတ်ထွက်သွားတာကြောင့် ထုတ်လုပ်မှုတွေ ပိုပြီးတော့တောင် ကျဆင်းသွားနိုင်ပါတယ်။

 

Ref – Reuters