
၂၉၊ ဧပြီလ။
ဒီကနေ့ကစလို့ မေ ၂ ရက်နေ့ထိ ဧရာဝတီတိုင်းအတွင်းမှာ မိုးရွာသွန်းဖို့ရှိနေပြီး မိုးသက်လေပြင်း ကျရောက်နိုင်ချေ ရှိတာကြောင့် ရိတ်သိမ်းပြီးစ သီးနှံတွေကို ကာကွယ်ထားဖို့နဲ့ မိုးကြိုး၊ မိုးသီးနဲ့ လေပြင်းတိုက်ခတ်မှုတွေကို သတိထားကြဖို့ လိုတယ်လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။
“ဒီကနေ့ကတော့ ဧရာဝတီတိုင်းမှာ နေရာကွက်ကြားရွာနိုင်တယ်။ မေ ၁ ရက်နေ့မှာတော့ မိုးရေချိန် ၂၅ မီလီမီတာထက်မက သည်းထန်စွာ ရွာသွန်းနိုင်တဲ့ ခရမ်းရောင်/အနီရောင် မိုးတိမ်စုကြီးတွေ တွေ့ရပါတယ်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတိုက်ခတ်မှုတွေ ပြင်းထန်နိုင်ပါတယ် ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ဒီရာသီဥတုဖြစ်စဉ်ဟာ ပုံမှန်ဖြစ်စဉ်မျိုးသာဖြစ်ပြီး မိုးကြိုကာလ အပူရှိန်ပြင်းထန်ရာကနေ ဖြစ်ပေါ်လာတဲ့ မိုးတိမ်တောင်တွေကြောင့် မိုးသက်လေပြင်းကျတာ၊ နေရာကွက်ကျား မိုးရွာတာ၊ မိုးကြိုးပစ်တာ စတဲ့ အခြေအနေတွေ ရှိနိုင်တာကြောင့် မိုးတိမ်တောင်တွေဝင်လာပြီဆိုရင် သတိထားဖို့ကိုလည်း သူက အကြံပြုထားပါတယ်။
လာမယ့် မေ ၂ ရက်နေ့ဟာ ဧရာဝတီတိုင်းအတွက် ဝမ်းနည်းဖွယ်ရာ နာဂစ်မုန်တိုင်း ၁၈ နှစ်ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ ဒါပေမယ့် နာဂစ်လိုမျိုး ပြင်းထန်လွန်းတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်မျိုး ဖြစ်လာဖို့တော့ လတ်တလောမှာ မတွေ့မြင်ရသေးဘူးလို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။