ကြံခင်းအစပ် ပန်းတောင်းနဲ့ ပဒါန်းမှာ တိုက်ပွဲပြင်းထန်နေ

 

ကပစ ၁၆ ဟာ TNT ယမ်းမှုန့်အပါအဝင်လက်နက်ကြီးတွေအတွက် ယမ်းတွေ အဓိကထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး အခြားစစ်လက်နက်ပစ္စည်းတွေအတွက် လိုအပ်တဲ့ အရေးကြီးကုန်ကြမ်းတွေကိုပါ ထုတ်လုပ်တဲ့ စက်ရုံတခုဖြစ်ပါ တယ်။

၂၉၊ ဧပြီ။

ဧရာ၀တီတိုင်း ကြံခင်းမြို့နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းက အမှတ်(၁၆) ကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ – ၁၆)အနီးတဝိုက်နဲ့ မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းတပ်နယ်အတွင်းမှာ အာရက္ခတပ်တော်ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကပစ ၁၆ အနီးဝန်းကျင် ကာကင်းတွေနဲ့ ပဒါန်းမြို့နယ် နတ်ရေကန်ဗျူဟာတို့ကို တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးအလင်းဝင်လာသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ကပစနားမှာ ထွက်ပြေးတဲ့ကောင်တွေ အများကြီးပဲ။ နတ်ရေကန်မှာလည်း စကစဘက်က အသေအပျောက်များ တယ်။ ဟိုရက်က ကားလေးစီးတက်သွားတော့ တစီးစာလောက်က လမ်းမှာ ပြတ်ကျန်ခဲ့တယ်” လို့ မကွေးတိုင်း အတွင်းရှိ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အဲဒီလို တိုက်ပွဲပြင်းနေတဲ့အပြင် စစ်တပ်ဘက်က တပ်သားတွေဟာလည်း ထွက်ပြေးလာပြီး ဘက်ပြောင်းအလင်းဝင်တာတွေ အခုရက်ပိုင်းမှာတင် ဆယ်ချီရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“ဒီလထဲမှာ တပ်ပြေးဖမ်းမိတာ ဆယ်ချီ၊ လေး၊ ငါးဆယ်လောက်ရှိတယ်။ တချို့ကောင်တွေကို ခွေးတွေက လိုက်ဖမ်းတယ်။ ပြန်မိရင် ပစ်သတ်လိုက်တာတွေ ရှိတယ်။ တချို့ကိုတော့ မျက်နှာမှာ တက်တူးတွေ ထိုးပြီး ထွက်မပြေး ရအောင် လုပ်တယ်” လို့ ပန်းတောင်းမြို့နယ်မှ နောက်ထပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

AA ပူးပေါင်းတပ်ဖွဲ့ဟာ လက်ရှိမှာ ကပစ ၁၆ အနီးကာကင်းစခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပြီး ကာကင်းစခန်း အချို့ သိမ်းပိုက်ထားကာ နတ်ရေကန်ဗျူဟာစခန်းကိုလည်း ထိုးစစ်ဆင်နေပါတယ်။

ကပစ ၁၆ ဟာ TNT ယမ်းမှုန့်အပါအဝင်လက်နက်ကြီးတွေအတွက် ယမ်းတွေ အဓိကထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး အခြားစစ်လက်နက်ပစ္စည်းတွေအတွက် လိုအပ်တဲ့ အရေးကြီးကုန်ကြမ်းတွေကိုပါ ထုတ်လုပ်တဲ့ စက်ရုံတခုဖြစ်ပါ တယ်။

ပဒါန်းတပ်နယ်အတွင်းရှိ စစ်တပ်အတွက်လက်နက်ထုတ်ပေးနေတဲ့စက်ရုံတွေဖြစ်တဲ့ ကပစ ၁၄၊ ကပစ ၁၀ တို့ကို လည်း AA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းရံပိတ်ဆို့ကာ တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိတယ်လို့ ဒေသခံတွင်း သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ပန်းတောင်း ကပစ – ၁၆ ဟာ ဧရာ၀တီမြစ် အနောက်ဘက်ခြမ်း၊ ပန်းတောင်းမြို့နဲ့ မလှမ်းမကမ်းမှာ တည်ရှိကာ ဧရာ၀တီတိုင်းမြောက်ဘက်အစွန်ဆုံး ကြံခင်းမြို့နယ်နဲ့လည်း မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးပါတယ်။ ပဒါန်း ကပစ ၁၀၊ ကပစ ၁၄ တို့ဟာလည်း ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း ပုသိမ် – မုံရွာလမ်းမပေါ်မှာပဲ တည်ရှိတာပါ။

ပုသိမ် – မုံရွာလမ်းတလျှောက် ပန်းတောင်း၊ ပဒါန်းစတဲ့မြို့နယ်တွေအတွင်း ကပစ စက်ရုံဆယ်ရုံခန့်ရှိပြီး အဲဒီစက် ရုံတွေကိုလည်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ AA တို့က ချဉ်းကပ်လာတာတွေ့ရပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း၊ ပုသိမ် – မုံရွာလမ်းမကြီးတ လျှောက်မှာရှိတဲ့ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)တွေအနီးကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာနေ ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေတာပါ။

ရခိုင်ရိုးမ အရှေ့နောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ AA ဟာ အမ်း၊ တောင်ကုတ်၊ ဂွ တောင်ကျော်လမ်းတိုင်း ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်းတို့ထိ ဆင်းကာ ပုသိမ် – မုံရွာတလျှောက် စစ်ကော်မရှင်တပ်စခန်းတွေကို တိုက်ခိုက်ကာ ကပစစက်ရုံတွေကို ချဉ်းကပ် ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့အတွင်းမှာ ကပစစက်ရုံပေါင်း ၁၆ ရုံရှိပြီး အဲဒီထဲက စက်ရုံဆယ်ရုံရဲ့ အနီးဝန်းကျင်တွေမှာ AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ရေးလှုပ် ရှားမှုတွေရှိနေတာဖြစ်ပါ တယ်။

လက်ရှိမှာ AA ဟာ ပဲခူး၊ မကွေး၊ ဧရာ၀တီတိုင်းတို့အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပုသိမ် – မုံရွာ လမ်းမကြီးတလျှောက်နဲ့ အနီးဝန်းကျင် ရှိ ဧရာ၀တီတိုင်း အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ မကွေးတိုင်း ငဖဲ၊ မင်းလှ ပဲခူးတိုင်း ပန်းတောင်းစတဲ့မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ နေ့တိုင်းနီးပါး ရှိနေပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ကပစစက်ရုံတွေကို AA က ဦးတည်တိုက်ခိုက်လာခဲ့ရင် ပဲခူးတိုင်းအတွင်းရှိ ကပစစက်ရုံတွေနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးတဲ့ ဧရာ၀တီတိုင်း မြန်အောင်၊ ကြံခင်းမြို့နယ်တို့အထိပါ တိုက်ပွဲဧရိယာကျယ် ပြန့်လာနိုင်တယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။