အိန္ဒိယဘက်နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၄၀၀ကျော်အနက် အများစုက ရဲနဲ့မီးသတ်ဝန်ထမ်းတွေဖြစ်

၁၆ ၊ မတ်လ ၊ ၂၀၂၀ ။

ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက အိန္ဒိယနိုင်ငံဆီကို ဖြတ်ကျော်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားဦးရေ ၄၀၀ကျော်ရှိလာပြီး အများစုက ရဲနဲ့မီးသတ်ဝန်ထမ်းတွေ ဖြစ်တယ်လို့ အိန္ဒိယရဲအရာရှိတစ်ဦးက မတ်လ ၁၅ရက်နေ့က ပြောပါတယ်။

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းဖမ်းဆီးနေတာ ဖြစ်ပါတယ်။

သူတို့ဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ်သတ်ဖို့ စစ်ကောင်စီရဲ့အမိန့်ကို ငြင်းပယ်ပြီးနောက် ဖိနှိပ်ခံရမှာကို စိုးရိမ်တာကြောင့် အခုလိုနယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြတာလို့ အဲ့ဒီအိန္ဒိယရဲအရာရှိက ဆက်ပြောပါတယ်။

မတ်လ ၁၂ရက်နေ့က မြန်မာနိုင်ငံသား ၁၁၆ဦး နယ်စပ်ဖြတ်ကျော် ခိုလှုံခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ၊ မီးသတ်ဝန်ထမ်းတွေပါဝင်ပြီး နယ်စပ်ဖြတ်ကျော်လာစဉ်မှာ တစ်ချို့ဟာလည်း ဆာလာအိတ်နဲ့ထုတ်ထားတဲ့ အဝတ်အိတ်တွေပဲ ပါလာကြတယ်လို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲ့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုတွေကို ရပ်တန့်ဖို့ အိန္ဒိယဖက်ဒရယ်အစိုးရက ဒေသန္တရအာဏာပိုင်တွေကို အမိန့်ထုတ်ပြန်ထားပေမယ့် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ မိုဇိုရမ်တောင်တန်းဒေသဟာ စိမ့်ဝင်လွယ်ပြီး ကင်းလှည့်စောင့်ကြပ်ဖို့လည်း ခက်ခဲပါတယ်။ ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ မြန်မာ-အိန္ဒိယနယ်စပ်က ဒေသခံတွေအကြား ယဉ်ကျေးမှုနဲ့ တိုင်းရင်းသားတွေဟာ နီးစပ်မှုရှိကြပါတယ်။

နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားရဲဝန်ထမ်းတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ မြန်မာစစ်ကောင်စီက အိန္ဒိယအစိုးရကို အခုလအစောပိုင်းမှာ တောင်းဆိုခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ လူပေါင်း ၁၄၀ကျော်သေဆုံးပြီး လူထောင်ချီဖမ်းဆီးခံထားရပါတယ်။
ဆန္ဒပြသူတွေဟာ စစ်အာဏာရှင်ကို တော်လှန်ဖို့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဆက်လက်လှုပ်ရှားနေပြီး လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မျက်ရည်ယိုဗုံးတွေ ၊ ရော်ဘာကျည်တွေအပြင် ကျည်အစစ်တွေသုံးပြီး အင်အားသုံးပစ်ခတ်နှိမ်နင်းနေတာ ဖြစ်ပါတယ်။

Ref : Reuters