ရခိုင်-ဧရာဝတီအစပ်ကျေးရွာတွေက စစ်ရှောင်လာတဲ့ ဧရာဝတီဒေသခံတွေ ဟန့်တားခံနေရ

Photo – Google

ဇန်နဝါရီ၊ ၈

အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာမှုတွေရှိနေလို့ ရခိုင်နဲ့ ဧရာ ဝတီအစပ်ဒေသတွေက ကျေးရွာဒေသခံတွေနီးစပ်ရာ မြို့တွေဆီ နေရပ်စွန့်ခွာတိမ်းရှောင်ကြတာတွေရှိနေသလို ဒီလိုတိမ်းရှောင်လာသူတွေကို စစ်ကောင်စီလက်အောက်ခံအာဏာပိုင်တွေက ဟန့်တားတာမျိုးတွေလည်း ကြုံနေ ကြရတယ်လို့ ဒေသခံတွေနဲ့ ဧရာဝတီတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

“တချို့တလေ အနည်းအကျဉ်းလောက်ကလွဲလို့ အများစုရှောင်ကြတယ်၊ပြည်သူတွေက စိုးရိမ်စိတ်နဲ့ (စစ်ရေး) ကောလာဟလထွက်တာတွေကြောင့် ရှောင်ကြတာ”လို့ နေရပ်စွန့်ခွာလာသူတွေနဲ့ နီးစပ်တဲ့ ဧရာဝတီတိုင်း ဒေသခံတဦးကပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာရဲ့ တဖက်ကမ်း ပုသိမ်မြို့နယ်၊ ချောင်းဝချိုင်ကနေ ဘောမိရွာ ကြားရှိ ကျေးရွာတွေဖြစ်တဲ့ ပေါက်လှချိုင်၊ ကုလားချောင်း၊ ပေါက်တူးကွင်း၊ မကျီးဇင် စတဲ့ ကျေးရွာတွေက ဒေသခံတွေ အခုရက်ပိုင်းအတွင်း တိမ်းရှောင်နေကြတာလို့ သိရပါတယ်။ 

အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ကြားတိုက်ပွဲပြင်းထန်ခဲ့တဲ့ ဂွမြို့တဖက်ကမ်း ဧရာဝတီတိုင်းထဲက အဲ့ဒီကျေးရွာတွေမှာ လက်ရှိဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတယ်လို့လည်း သိရပါတယ်။

ရခိုင်-ဧရာဝတီအစပ်ဒေသတွေမှာ တိုက်ပွဲတွေဆက်ဖြစ်လာမှာစိုးရိမ်တာကြောင့် စစ်ဘေးရှောင်လာတဲ့ ဒေသခံ အများစုကတော့ သာပေါင်းနဲ့ ပုသိမ်မြို့တွေဆီ တိမ်းရှောင်နေကြတာဖြစ်ပြီး သာပေါင်းမြို့မှာ လာရောက် တိမ်း ရှောင်နေကြသူတွေကို စစ်ကောင်စီ အုပ်ချုပ်ရေးအပိုင်း တာဝန်ရှိသူတွေက ဟန့်တားတာတွေလည်း ရှိ နေ တယ်လို့ သိရပါတယ်။ 

သာပေါင်းမြို့ခံတွေအနေနဲ့ စစ်ရှောင်တွေကို လက်မခံဖို့နဲ့ လက်ခံမယ်ဆိုပါက အဆင့်ဆင့် စာတင်ရမယ်လို့ ဖိ အားပေးနေတာကြောင့် အများစုက သာပေါင်းကနေတဆင့် ပုသိမ်မြို့ကို ထပ်မံတိမ်းရှောင်ကြတယ်လို့ ပုသိမ် ဒေသခံတချို့ကပြောပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် နေရပ် စွန့်ခွာထွက်ပြေး လာတဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်တွေကို စစ်ကောင်စီလက်အောက်ခံအာဏာပိုင်တွေက ခိုလှုံနေထိုင်ခွင့်မပြုတ ာ၊တင်းတင်းကျပ်ကျပ်စစ်ဆေးတာတွေ လုပ်နေပါသေးတယ်။

အခုရက်ပိုင်းအတွင်း မကျီးဇင်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားတယ်လို့ သတင်းထွက်ပေါ်လာပြီးနောက် ကြိုတင် တိမ်းရှောင်တာတွေ ပိုများလာတာဖြစ်ပေမယ့် မြေပြင်မှာတော့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် တွေကြား နှစ်ဖက်တိုက်ပွဲတွေ မရှိသေးဘူးလို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်တွေနဲ့နီးစပ်သူတဦးက ပြောပါ တယ်။

ဂွဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေကို မကျီးဇင်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မှားယွင်းပစ်ခတ်မိတာဖြစ်ပြီး AA ပူးပေါင်းတပ်တွေနဲ့တော့ တိုက်ပွဲဖြစ်ပွားတာမရှိသေးဘူးလို့ DNA က စုံစမ်းသိရှိရပါတယ်။ 

ရခိုင်-ဧရာဝတီအစပ် ကျောက်ချွန်ရွာအထိတော့ AA ပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်ထားပြီဖြစ်ပေမယ့် ကျောက်ချွန်ရွာရဲ့ တဖက်ကမ်း ကျောက်ချွန်တံတားဂိတ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျန်ရှိနေသေး တယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် မကျီးဇင်ရွာနဲ့ ဘောမိရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံတပ်စခန်းတချို့မှာလည်း အင်အားဖြည့်တ င်းထားပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေရှိနေတယ်လို့လည်း ဆိုကြပါတယ်။ 

အခုလို နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မကျီးဇင်ရွာဟာ သာပေါင်းမြို့နဲ့ မိုင်လေးဆယ်လောက်ကွာဝေးပြီး ကြား ထဲမှာတော့ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း(ခမရ) ၃၀၈ တပ်ရင်းဌာနချုပ်ရှိပါတယ်။ 

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီအစပ် ဂွ-ငါးသိုင်းချောင်းကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗေဒါစစ်ဆေးရေး ဂိတ်ကိုတော့ AA ပူးပေါင်းတပ်တွေက အခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်သိမ်းပိုက်လိုက်ပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပြီး အဲဒီအခြေအနေကိုတော့ DNA အနေနဲ့ အသေးစိတ်မသိရသေးပါဘူး။ 

အမ်းအခြေစိုက် နပခ ဌာနချုပ်အပါအဝင် မကွေး၊ပဲခူးနဲ့ ဧရာဝတီတိုင်း စတဲ့ဒေသသုံးခုနဲ့ထိစပ်နေတဲ့ ရခိုင်ပြည် နယ်ထဲက မြို့နယ်တွေကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့နောက် ထိစပ်ဒေသတွေအားလုံး မှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေကျယ်ကျယ် ပြန့်ပြန့်ထွက် ပေါ်နေတာပါ။

မြို့နယ် ငါးခုထက်မနည်းအထိ ရခိုင်ရိုးမနဲ့ထိစပ်နေသလို ရခိုင်ပြည်နယ် တောက်ဘက်အစွန်ဆုံးက ဂွမြို့နယ်နဲ့ လည်း ပင်လယ်ကမ်းခြေ၊ရေလမ်းကြောင်းတို့ နီးနီးစပ်စပ်ရှိနေတဲ့ ဧရာဝတီတိုင်းမှာတော့ စစ်ကောင်စီက ဒေသ အနှံ့ စစ်ရေးပြင်ဆင်မှုတွေတိုးမြှင့်နေသလို ဧရာဝတီတော်လှန်ရေးတပ်တွေကလည်း ဒေသတွင်းစစ်ရေးလှုပ်ရှား မှု တိုးမြှင့်မယ်လို့ ထုတ်ဖော်ပြောဆိုနေကြပါတယ်။