ဇွန်၊ ၁၈
ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ ဒေသမှာ လိင်တူချင်း ထိမ်းမြား လက်ထပ်ခွင့်ကို တရားဝင် အသိအမှတ်ပြုတဲ့ ပထမဆုံး နိုင်ငံအဖြစ် မှတ်တမ်းဝင်လာတော့မှာပါ။
ဇွန်လ ၁၈ ရက်နေ့မှာ ထိုင်းအထက်လွှတ်တော်ဟာ လက်ထပ်ထိမ်းမြားခွင့် ညီမျှမှု အက်ဥပဒေ မူကြမ်းကို တခဲနက် ထောက်ခံ အတည်ပြုပေးခဲ့ပါတယ်။ ဒါဟာ လိင်တူ အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ LGBTQ+ အသိုက်အဝန်းအတွက် ထူးကဲတဲ့ ခြေလှမ်းသစ်တခု ဖြစ်လာခဲ့ပါတယ်။
အထက်လွှတ်တော်မှာ အဲဒီဥပဒေ မူကြမ်းကို အမတ် ၁၃၀ က ထောက်ခံချိန်မှာ ကန့်ကွက်မဲပေးသူ ၄ ဦးသာ ရှိခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းအရ ထိုင်းနိုင်ငံမှာ လိင်တူ ထိမ်းမြားခွင့် ဥပဒေ စတင် အသက်ဝင်လာဖို့အတွက် ဘုရင့်ဆီက အသိအမှတ်ပြုမှုကို ရယူရဦးမှာပါ။ ဒါပေမဲ့ အဲဒီကိစ္စကလည်း အခက်အခဲမရှိ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ရပါတယ်။
ဥပဒေသစ်ကို ဘုရင်က တော်ဝင်အမိန့်နဲ့ ထုတ်ပြန် အတည်ပြုပေးလိုက်ပြီး ရက်ပေါင်း ၁၂၀ အကြာမှာ စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။
အာရှတိုက် တခုလုံးမှာတော့ ထိုင်းဟာ လိင်တူချင်း လက်ထပ်မှုကို တရားဝင် ခွင့်ပြုတဲ့ တတိယမြောက် နိုင်ငံအနေနဲ့ မှတ်တမ်းဝင်လာမှာပါ။ ထိုင်းမတိုင်ခင်တုန်းက ၂၀၁၉ ခုနှစ်မှာ ထိုင်ဝမ်၊ ၂၀၂၃ ခုနှစ်မှာ နီပေါတို့က အလားတူ အပြောင်းအလဲတွေကို ဥပဒေနဲ့အညီ လက်တွေ့ ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်ပါတယ်။
လက်ထပ်ထိမ်းမြားခွင့် ညီမျှမှု ဥပဒေကို ထိုင်းရဲ့ အထင်ကရ နိုင်ငံရေး ပါတီကြီးတွေ အားလုံးက မူအားဖြင့် ထောက်ခံခဲ့ကြပါတယ်။ ထိုင်းမှာ အရင်ကလည်း ဥပဒေ ပြောင်းလဲနိုင်ရေး အားထုတ်မှုတွေ ရှိခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၂၀၂၀ ပြည့်နှစ်တုန်းကဆိုရင် ထိုင်းဖွဲ့စည်းပုံ ဥပဒေ ခုံရုံးက လက်ထပ်ထိမ်းမြားမှုဟာ အမျိုးသားနဲ့ အမျိုးသမီးကြားမှာသာ တရားဝင်ရမယ်ဆိုတဲ့ ဥပဒေ သတ်မှတ်ချက်ဟာ မပြောင်းလဲသင့်ဘူးလို့ စီရင်သတ်မှတ်ခဲ့ပါတယ်။
Ref: CNA