ကျုံအိတ်တံတားထပ်မံဖောက်ခွဲခံရလို.ရန်ကုန်-မော်လမြိုင်လမ်းဆက်သွယ်ရေးပြတ်တောက်နေ

 Photo-Social Media
မေ၊ ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားဒီကနေ့  မနက်အစောပိုင်းက ဖောက်ခွဲခံရလို့ တံတားပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေထံမှ သိရပါတယ်။

သထုံမြို့နယ် ကမာစိုင်ကျေးရွာနဲ့ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအစပ်ကြားက  ကျုံအိတ်တံတားကို မေလ ၁၁ ရက် မနက် ၃ နာရီလောက်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

“မိုင်းနဲ့ခွဲသွားတာဖြစ်မယ်ထင်တယ်၊ မနက်က ကျိုက်ထိုပစ္စည်းသွားသယ်ဖို့ သွားတာ၊ ဘယ်လိုမှ ဖြတ်လို့မရတော့ဘူး၊ လုံးဝကို ဖြတ်လို့ကို မရတာ၊ ကျိုးသွားတာပေါ့၊ အခြေအနေက တော်တော်ဆိုးသွားတယ်” လို့ ကားသမားတဦးက DNA ကို ပြောပါတယ်။

ကျုံအိတ်တံတားမိုင်းဖောက်ခွဲခံရမှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိဘဲ ယာဉ်တွေလည်း ထိခိုက်ပျက်စီးတာ မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားက လုံးဝဖြတ်သန်းသွားလာလို့မရတော့လို့ နှစ်ဖက်ပိတ်မိနေတဲ့ ကားတွေလည်း ပြန်လှည့်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကားတွေရော၊ ဆိုင်ကယ်တွေရော ဌာနဆိုင်ရာ၊ စစ်ကောင်စီကရော ဘယ်သူမှ အဲဒီတံတားအနားမှာ မရှိနေဘူး၊ မလာကြဘူး၊ အခုနေ့လယ်အထိပဲ၊ ဟိုတခါကလို့ ထပ်ပြီး ပစ်ခံရမှာကြောက်တာလည်း ပါတယ်ထင်တာပေါ့” လို့ အထက်ပါကားသမားက ပြောပါတယ်။

ကျုံအိတ်တံတား မိုင်းဆွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ကရင်အမျိုးသားအစည်းအရုံး(KNU)အပါအဝင် တော်လှန်ရေးအင်အားစုတွေက သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို အဲဒီအဖွဲ့တွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း လက်ခံဖြေကြားပေးခြင်းမရှိပါဘူး။

သထုံခရိုင်အတွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးရဲဘော်တဦးကတော့ တံတားကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကဖောက်ခွဲခဲ့တာ ဖြစ်ပြီး အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

“မိုင်းထောင်ပြီးခွဲတာက ပူးပေါင်းအဖွဲ့အနေနဲ့ပါ၊ လူမရှိတဲ့အချိန်ကို လုပ်တာပါ၊ အရပ်သားတွေ ထိခိုက်မှု မရှိအောင်ပေါ့” လို့ သူက ပြောပါတယ်။

တံတားမိုင်းထောင်ဖောက်ခွဲရပြီးနောက် စစ်ကောင်စီဘက်က ဘေးပတ်ဝန်းကျင်ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက်သေဆုံးသွားတဲ့သူတွေဟာ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာမှ ဒေသခံတွေဖြစ်ကြတယ်လို့သာ သိထားရပြီး အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိ မိုင်းထောင်ဖောက်ခွဲခံထားရတဲ့ ကျုံအိတ်တံတားကို စစ်ကောင်စီဘက်က လာရောက်ပြုပြင်တာမျိုး မရှိသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“ဘယ်သူမှ မလာသေးဘူး၊ တချို့ကားတွေပဲ တံတားနဲ့ ခပ်လှမ်းလှမ်းမှာ ပိတ်မိနေတာရှိတယ်၊ ကားကြီးတွေပေါ့” လို့ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာဒေသခံတဦးက ပြောပါတယ်။

ကျုံအိတ်တံတားကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၉ ရက်နေ့ကလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သေးပါတယ်။

ဖောက်ခွဲခံရတဲ့တံတားကို လာစစ်ဆေးတဲ့ ဌာနဆိုင်ရာအကြီးအကဲနဲ့ဝန်ထမ်းအဖွဲ့တွေကို ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ ခရိုင်လမ်းဦးစီးမှူးအပါအဝင် သုံးဦးထက်မနည်းသေဆုံးကာ သုံးဆယ်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အဲဒီနောက် ကျုံအိတ်တံတားကိုယာယီဘေလီတံတားထိုး ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့အချိန်မှာတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပေမယ့် တလနီးပါးအကြာမှာတော့ ကျုံအိတ်တံတား ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျုံအိတ်တံတားက စစ်ရေးအရ အချက်အချာကျပြီး စစ်ကောင်စီတပ်အတွက် ထောက်ပို့လမ်းပိုင်းဖြစ်နေတာကြောင့် ဖောက်ခွဲဖျက်ဆီးရတာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်က ကျုံအိတ်တံတား ဖောက်ခွဲခဲ့တာနဲ့ပတ်သက်ပြီး KNUသထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဌ ဦးကျော်မြင့်က DNA ကို ပြောဆိုထားပါတယ်။