မော်လမြိုင်က ပုဂ္ဂလိက ဆေးရုံမှာ CDM ဝန် ထမ်းတွေခန့်လို့လုပ်ငန်းလိုင်စင်သုံးလပိတ်ခံရ

မေ၊ ၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ပုဂ္ဂလိက အထူး ကုဆေးရုံတခုမှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို ခန့်ထားတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက လုပ်ငန်းလိုင်စင်သုံးလပိတ်သိမ်းလိုက်တယ်လိုက်တယ်လို့ အဲ့ဒီ ဆေးရုံနဲ့နီးစပ်တဲ့ ကျန်းမာရေးဝ န်ထမ်းတွေဆီက သိရပါတယ်။

“အထူးကု၊ ပါမောက္ခတွေကို အချိန်ပိုင်းခန့်ထား တာကို သူတို့(စစ်ကောင်စီ)က သိသွားတာ၊ အဓိ ကတော့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေ တိုင်တာ လည်း ပါတာပေါ့၊ အဲဒါကြောင့်မို့ ပိတ်လိုက်တာ” လို့ အဲဒီဆေးရုံမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ သူနာပြု တဦးက DNA ကို ပြောပါတယ်။

ဒါဟာ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကဆေးရုံတခုမှာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားလို့ ပထမဆုံး အကြိမ်အဖြစ် လိုင်စင်ပိတ်သိမ်းခံ လိုက်ရတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ ပန်းဘဲတန်း၊ ထားဝယ်စုရပ်ကွက်ရှိ “အေးသန္တာ” ပုဂ္ဂလိကဆေးရုံဟာ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိဘဲ ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံထားရတဲ့ အထူးကုဆရာဝန်တွေ၊ ပါမောက္ခတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ခေါ်ယူခန့်ထားတာကို စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီကဆေးရုံဘက်ကိုပေးပို့တဲ့စာမှာဖော်ပြထားပါတယ်။

ဒါကြောင့် “အေးသန္တာ”ဆေးရုံကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(က)ပါ လိုင်စင်စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်တယ်ဆိုပြီး မေလ ၁ ရက်ကနေ သုံးလကြာလိုင်စင်ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဆေးရုံကိုအခုလိုရုတ်တရက် ပိတ်ခိုင်းလိုက်တဲ့အတွက် လက်ရှိတက်ရောက်ကုသနေဆဲ လူနာတွေ ချက်ချင်းဆေးရုံကနေ ဆင်းလာခဲ့ရပြီး ရက်ချိန်းရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ တခြားနာတာရှည် ရောဂါသည်တွေလည်း ဒုက္ခရောက်သွားတယ်လို့ ဆိုပါတယ်။

“အဲဒီမှာ ဗိုက်အပ်ထားတာ၊ ကိုယ်လည်း မသိဘူးလေ၊ မနေ့ကမှ သိတာ၊ ဆေးရုံက ပိတ်လိုက်ပြီလေ၊ တခြားဆေးရုံကိုပဲ ပြောင်းရတာပေါ့၊ လူနာတွေလည်း ဒုက္ခရောက်တာပေါ့” လို့ အေးသန္တာ ပုဂ္ဂလိကဆေးရုံမှာ ကိုယ်ဝန်အပ်ထားတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ခန့်ထားခြင်း ရှိ၊ မရှိကို မကြာခဏ စစ်ဆေးတာရှိနေသလို CDM ဝန်ထမ်းတွေကို ခန့်ထားတဲ့ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကို စိစစ်တွေ့ရှိပါက လိုင်စင်ပိတ်သိမ်းမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် နိုင်ငံတဝှမ်းရှိ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးပြကြီးက ပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာ CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ခန့်အပ်ထားတယ်ဆိုတဲ့အကြောင်းပြချက် စစ်ကောင်စီက မကြာခဏဆိုသလို လုပ်ငန်းလိုင်စင်ပိတ်သိမ်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အခုလ ၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို မေလ ၁ ရက်နေ့ကစလို့ အချိန်နှစ်လကြာ ယာယီ ပိတ်သိမ်းခဲ့တယ်လို့ သတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း နိုင်ငံတဝှမ်းမှာ လုပ်ငန်းလိုင်စင်ပိတ်သိမ်းခံလိုက်ရတဲ့ ပုဂ္ဂလိကဆေးရုံဆေးခန်း ၁၁ ခုထက်မနည်းရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံတဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေကို မတရားဖမ်းဆီး၊ သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့သလို တဦးတယောက်ချင်းစီ ဆေးကုသခွင့်လိုင်စင်ရုတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“CDM တွေကို အနီးအနားမှာ မရှိစေချင်တာ၊ CDM တွေ အဆင်ပြေနေတာကို မကြည့်ချင်တာ၊ CDM လုပ်တဲ့အတွက် သူတို့တွေ ဒုက္ခခံရမယ်ဆိုတဲ့ အသိမျိုးဝင်သွားအောင် နေရာမရရှိအောင်ကို လုပ်နေတာ”လို့ အထွေထွေရောဂါကု CDM ဆရာဝန်တဦးက မှတ်ချက်ပြုပါတယ်။

photo – social media