တရုတ်က ရေကြီးမှုဒဏ် ခံနေရတဲ့မြို့မှာ လေဆင်နှာမောင်းပါ တိုက်ခတ်ပြီး ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်


ဧပြီ၊ ၂၉

တရုတ်နိုင်ငံ တောင်ပိုင်းမှာ ရေကြီးမှုဒဏ် ခံစားနေရတဲ့ မြို့တမြို့ကို လေဆင်နှာမောင်းပါ ဝင်မွှေခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တရုတ်တောင်ပိုင်းက မြို့ကြီးတခုဖြစ်တဲ့ ကွမ်ကျိုးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြင်းထန်တဲ့ မုန်တိုင်းရာသီဥတု အခြေအနေတွေကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှု၊ မိုးသီးကြွေမှုတွေ ကြုံတွေ့နေရပြီး ရေကြီးမှုတွေပါ ခံစားနေရပါတယ်။

ဧပြီ ၂၇ ရက်နေ့မှာတော့ ကွမ်တောင်ပြည်နယ်ရဲ့ မြို့တော်မှာ အင်အားပြင်း လေဆင်နှာမောင်း တခုပါ ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် ၅ ဦးသေပြီး ၃၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Xinhua သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒီ လေဆင်နှာမောင်းဟာ အဆင့် သတ်မှတ်ချက် ၅ ခုရှိတဲ့ထဲမှာ အဆင့် ၃ လောက် ပြင်းထန်တဲ့ အမျိုးအစားဖြစ်တယ်လို့ ပြောပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု ပမာဏတွေကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

လေဆင်နှာမောင်းဒဏ်ကြောင့် မြို့ထဲမှာ လူနေအိမ်တွေရော၊ စက်ရုံတွေပါ ရာနဲ့ချီ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လေဆင်နှာမောင်းဟာ လူနေထူထပ်ရာ ဧရိယာမှာ ၃ ကီလိုမီတာလောက် ရှည်လျားတဲ့ အပျက်အစီး လမ်းကြောင်းကြီး ချန်ထားခဲ့ပါတယ်။

ကွမ်တောင်က မြို့တော်တော်များများမှာ စံချိန်တင် မိုးသည်းထန်မှုတွေ၊ ရေကြီးမှုတွေ ကြုံတွေ့နေချိန်မှာ အခုလို ဖျက်အားပြင်း လေဆင်နှာမောင်း တခုပါ ဖြစ်ပေါ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကွမ်ကျိုးမြို့ အုပ်ချုပ်ရေး အာဏာပိုင်တွေက မိုးကြိုးမုန်တိုင်းတွေ၊ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ၊ မိုးသီးကြွေကျမှုတွေ၊ လေဆင်နှာမောင်း ဖြစ်ပေါ်နိုင်ခြေတွေအတွက် ရာသီဥတု အန္တရာယ် သတိပေး ကြေညာချက်တွေ ကြိုတင် ထုတ်ပြန်ခဲ့ပါတယ်။

ကွမ်တောင်မှာရှိတဲ့ ဇန်ကျန်းနဲ့ ပန်ယုမြို့တွေမှာ ကြက်ဥအရွယ်လောက်ရှိတဲ့ မိုးသီးတွေ ကြွေကျလို့ အဆောက်အအုံ တချို့ မှန်တံခါးတွေနဲ့ အမိုးတွေ ပေါက်ပြဲ ပျက်စီးတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် မိုးသီးကြွေကျမှုနဲ့ လေဆင်နှာမောင်းကြောင့် ဒေသတွင်းက စိုက်ခင်းဧရိယာတွေမှာလည်း အကြီးအကျယ် ပျက်စီးမှုတွေ ကြုံတွေ့ခဲ့တယ်လို့ သိရှိရပါတယ်။

Ref: Xinhua