အစ္စရေးစစ်တပ်ရဲ့ တပ်ရင်းတခုကို အမေရိကန် အထောက်အပံ့တွေ ရပ်စဲဖွယ်ရှိနေ

ဧပြီ ၊ ၂၂

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ဖွယ်ရှိတဲ့ အစ္စရေး တပ်ရင်းတခုကို အထောက်အပံ့တွေ ရပ်ဆိုင်းဖွယ်ရှိကြောင်း အမေရိကန်က အရိပ်အမြွက် ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး​ဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ နီးစပ်သူတွေက အစိုးရဟာ အစ္စရေးစစ်တပ် (IDF)ရဲ့ နတ်ဇာ ယီဟူဒါ တပ်ရင်းကို အရေးယူတဲ့ အနေနဲ့ အထောက်အပံ့တွေ ဖြတ်တောက်မယ့် ကိစ္စကို လာမယ့် ရက်ပိုင်းအတွင်း ကြေညာဖွယ် ရှိတယ်လို့ ပြောကြားထားပါတယ်။

၁၉၉၉ ခုနှစ်မှာ စတင်ထူထောင်ပြီး လက်ယာစွန်း အော့သိုဒေါ့စ် ဂျူး အမျိုးသားတွေချည်း ဖွဲ့စည်းထားတဲ့ တပ်ရင်းဟာ ပါလက်စတိုင်း နယ်မြေတခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေ ဒေသမှာ အရပ်သားတွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲ ခံထားရပါတယ်။

အစ္စရေး အစိုးရကတော့ IDFရဲ့ တပ်ရင်းတပ်ဖွဲ့ တခုခုကို အမေရိကန်က အထောက်အပံ့ ဖြတ်တောက်တာမျိုး အရေးယူမှုတွေ ရှိမလာအောင် အစွမ်းကုန် ကန့်ကွက်သွားမယ်လို့ ပြောကြားထားပါတယ်။ အစ္စရေးရဲ့ အဓိက စစ်မဟာမိတ်ဖြစ်တဲ့ အမေရိကန်ဟာ အခုလိုမျိုး IDF လက်အောက်ခံ တပ်ရင်းတခုခုကို ပစ်မှတ်ထား အရေးယူတာမျိုး အရင်က ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

နတ်ဇာ ယီဟူဒါ တပ်ရင်းအတွက် စွပ်စွဲခံထားရတဲ့ ကိစ္စတွေထဲမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက ပါလက်စတိုင်းဖွား အသက် ၇၈ နှစ်အရွယ် အမေရိကန်တဦးကို ထိန်းသိမ်းထားရင်း သေဆုံးသွားတဲ့ ပြဿနာလည်း အပါအဝင် ဖြစ်ပါတယ်။

အမေရိကန်က နတ်ဇာ ယီဟူဒါ တပ်ရင်းကို အထောက်အပံ့ ရပ်စဲမယ်ဆိုရင် အမေရိကန် စစ်သုံးပစ္စည်းတွေနဲ့ လေ့ကျင့်မှုတွေကို အဲဒီတပ်ရင်းက ဆက်လက် ခံယူရရှိတော့မှာ မဟုတ်ပါဘူး။

လတ်တလောမှာတော့ အမေရိကန် လွှတ်တော်ဟာ ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမားစ်တွေနဲ့ စစ်ခင်း တိုက်ခိုက်နေတဲ့ အစ္စရေးအတွက် စစ်ရေးအထောက်အပံ့ ဒေါ်လာ ၂၆ ဘီလီယံ ပေးပို့ရေးအတွက် လွှတ်တော်မှာ ဆွေးနွေး အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။

Ref: CNA