ကလေးနယ်မြောက်ခြမ်းမှာ စစ်တပ်က ဆယ်ရက်အတွင်း နေအိမ် ငါးရာကျော် မီးရှို့ ဖျက်ဆီး

ဧပြီ ၊ ၂၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဆယ်ရက်လောက်အတွင်း နေအိမ် ငါးရာကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

“ရွာမှာ ရှို့တာက နှစ်ရက်ဆက်တိုက်ပဲ၊ ရှို့မရတဲ့ဟာတွေဆိုရင် ဗုံးတွေနဲ့ ဖြိုတာ၊ တိုက်အိမ် နှစ်ထပ်အိမ်တွေပေါ့” လို့ ကလေးမြို့နယ်၊ ပျဥ်းခုံကြီးရွာ ရွာခံတဦးက ပြောပါတယ်။

ကလေးမြို့နဲ့ ငါးမိုင်ဝန်းကျင်အကွာ ပျဥ်းခုံကြီးရွာကို အင်အား သုံးရာလောက်ပါတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းက ဧပြီလ ၁၂ ရက် ညနေပိုင်းမှာ ဝင်ရောက်လာပြီး နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာပါ။

အိမ်ခြေ ငါးရာခန့်ရှိတဲ့ အဲဒီ ပျဥ်းခုံကြီးရွာမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်ချက်နဲ့ နေအိမ် လေးရာ ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့လည်း သိရပါ တယ်။

အဲဒီနောက် ဧပြီလ ၁၉ ရက်နေ့မှာတော့ ပျဥ်းခုံကြီးရွာနဲ့ ကပ်လျက် ယောက်ချိုကွင်းရွာကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့တယ် လို့ ဆိုပါတယ်။

ယောက်ချိုကွင်းရွာမှာတော့ နေအိမ်ဘယ်လောက် မီးရှို့ဖျက်ဆီးခံလိုက်ရလဲဆိုတာကိုတော့ အသေးစိတ်မသိရပါဘူး။

အဲဒီနောက်တခြားရွာတွေဘက် ဆက်တိုက်စစ် ကြောင်းထိုးနေပြီး ဧပြီလ ၂၁ ရက်၊ မနေ့ကတော့ ပျဥ်းခုံကြီးရွာနဲ့ နှစ်မိုင်လောက်အကွာမှာရှိတဲ့ တီးတိန်မြို့ နယ်၊ မိုင်နွဲရွာထဲမှာ မီးရှို့ဖျက်ဆီး တာတွေ ဆက်လုပ်နေတယ်လို့သိရပါတယ်။

“ဒရုန်းတွေနဲ့ ချပြီးမှဝင်တာ၊ ရွာထဲမှာတော့ မီးပတ်ရှို့သွားတယ်၊ ရှို့ခံရတာတော့ ရာချီရှိနိုင်တယ်” လို့ မိုင်နွဲရွာအခြေအနေကို သိရှိတဲ့ ကလေးဒေသခံတဦးက DNA ကို ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီလို မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေ ဘက် စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေရှိနေတယ်လို့လည်း သိရပါတယ်။

မီးရှို့ခံခဲ့ရတဲ့ ရွာတွေက ဒေသခံတွေကတော့ အနီးအနားဘေးလွတ်ရာ ကျေးရွာတွေနဲ့ ကလေးမြို့ပေါ် တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“အချို့ကတော့ စစ်ရှောင်တာနဲ့ နည်းနည်းပါးပါး ဆန်၊ ဆီ၊ ဆား ယူလာတာရှိတယ်၊ အချို့ကလည်း စပါးကျီတွေပါ အရှို့ခံရတာတွေရှိတယ်၊ အဲလိုမျိုးဆိုတော့ တချို့အတွက်က စားဝတ်နေရေးခက်ခဲတာပေါ့”လို့ ပျဥ်းခုံကြီးရွာခံက ပြောပါတယ်။

အဲဒီလို မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေဘက်မှာ တော်လှန်ရေးတပ်တွေ အခြေချလှုပ်ရှားနေတယ်လို့ စစ်ကောင်စီတပ်က ယူဆတာကြောင့် အခုလို စစ်ကြောင်းထိုး မီးရှို့တာဖြစ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။

အခုလို စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ ကလေးမြို့ကနေ ဧပြီလ ၅ ရက်နေ့ကတည်းက ထွက်လာတာဖြစ်ပြီး လမ်းတလျှောက်ကျေးရွာတွေမှာလည်း နေအိမ်ရာချီ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့ အနီးဝန်းကျင်က စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ အခြေချရာ ကျေးရွာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ နောက်ဆုံးပတ်ကတည်းက ဝင်ရောက်တိုက်ခိုက်တာတွေရှိနေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းသုံးတုံ့ပြန်တိုက်ခိုက်တာတွေရှိနေလို့ အခုထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။