ဂျပန် ရေတပ် ရဟတ်ယာဉ်နှစ်စီး ပျက်ကျ၊ ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေ

ဧပြီ ၊ ၂၂

ဂျပန်ရေတပ်ဟာ ရဟတ်ယာဉ်နှစ်စီး ပျက်ကျမှုအပြီး ပျောက်ဆုံးနေသူတွေကို အင်တိုက်အားတိုက် ဖြန့်ကျက် ရှာဖွေနေပါတယ်။

ဧပြီ ၂၁ ရက်နေ့တုန်းက ပစိဖိတ် သမုဒ္ဒရာထဲမှာရှိတဲ့ အစ်ဇူကျွန်းနားမှာ ရေငုပ်သ​င်္ဘော တန်ပြန်ရှာဖွေ ဖျက်ဆီးမှု စစ်ဆင်ရေးတခု လုပ်ဆောင်နေချိန် ဂျပန်ရေတပ်ရဲ့ Mitsubishi SH-60K ရဟတ်ယာဉ်တွေ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ရဟတ်ယာဉ် နှစ်စီးရဲ့ ပျံသန်းရေး မှတ်တမ်းတင် ကိရိယာတွေကို ပြန်လည် ဆယ်ယူ ရရှိခဲ့ပြီး ရေတပ်သား တဦးရဲ့ အလောင်းကိုလည်း ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တာကြောင့် ရေတပ်က ဖြန့်ကျက် ရှာဖွေနေပါတယ်။

ကာကွယ်ရေး ဝန်ကြီး မင်နိုရူ ခီဟာရာက ရဟတ်ယာဉ်တွေ ပျက်ကျတဲ့ ကိစ္စကို စုံစမ်းနေဆဲဖြစ်ပြီး ဖြစ်စဉ်နှစ်ခု တိုက်ရိုက် ဆက်စပ်သလား ဆိုတာကိုလည်း အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

ပထမ ရဟတ်ယာဉ်ဟာ အစ်ဇူနားက တိုရီရှီမာ ကျွန်းနားမှာ အဆက်အသွယ် ပြတ်တောက်သွားပြီး နောက်ထပ် ၁ မိနစ်အတွင်း အရေးပေါ် အကူအညီတောင်းမှု အချက်ပြ သင်္ကေတတွေကို ရေတပ်က လက်ခံ ရရှိခဲ့ပါတယ်။ အဲဒီကိစ္စအတွက် ဗျာများနေရာက နောက်ထပ် ၂၅ မိနစ် အကြာမှာတော့ တူညီတဲ့ ဧရိယာမှာပဲ SH-60K တစီး အဆက်အသွယ် ပြတ်တောက်နေတာကို သတိထားမိသွားပါတယ်။ အဲဒီ ရဟတ်ယာဉ်တွေဟာ ရေတပ်ရဲ့ ဖျက်သင်္ဘောတွေပေါ်မှာ အဓိက အခြေစိုက်လေ့ ရှိပါတယ်။

အခင်းဖြစ်ပွားချိန်က ရေပြင်တဝိုက်မှာ တခြားသင်္ဘောတွေနဲ့ လေယာဉ်တွေ လုံးဝ မရှိခဲ့တာကြောင့် တခြားနိုင်ငံ တခုခုရဲ့ ပယောဂနဲ့ ဆက်စပ်နိုင်ခြေ မရှိလောက်ဘူးလို့ ဂျပန်ရေတပ်က ဆိုပါတယ်။

မနှစ်က ဧပြီလတုန်းကလည်း ဂျပန်ကြည်းတပ် ရဟတ်ယာဉ် တစီးဟာ အိုကီနာဝါကမ်းလွန် မီယာကို ကျွန်းနားမှာ ပျက်ကျခဲ့ပြီး ကြည်းတပ် ထိပ်တန်း အရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး ယူချီဆာကာမိုတို အပါအဝင် လိုက်ပါသွားသူ ၁၀ ဦးစလုံး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

Ref: BBC