ဗီယက်နမ် စစ်ပွဲလိုပဲ ယူကရိန်းမှာလည်း အမေရိကန် အရှက်တကွဲ အဆုံးသတ်ရမယ်လို့ ရုရှားပြော

ဧပြီ ၊ ၂၂

အမေရိကန်ဟာ ယူကရိန်းကို အခြေပြုပြီး ရုရှားနဲ့ သွယ်ဝိုက်စစ်ပွဲကို အရှိန်မြှင့်လာပေမယ့် ဗီယက်နမ် စစ်ပွဲတုန်းကလို အရှက်တကွဲ ဖြစ်သွားလိမ့်မယ်လို့ ရုရှား အစိုးရက ပြောကြားလိုက်ပါတယ်။

ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့ ဒေါ်လာ ၆၁ ဘီလီယံလောက်ကို ခွင့်ပြု လွှဲပြောင်းပေးဖို့ အမေရိကန် လွှတ်တော်က သဘောတူလိုက်တဲ့နောက် ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက အခုလို ဝေဖန် မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ်ပြုခဲ့တဲ့နောက် ရုရှား-အမေရိကန် ဆက်ဆံရေးဟာ ၁၉၆၂ ခုနှစ်၊ ကျူးဘား ဒုံးကျည် အကျပ်အတည်းနောက်ပိုင်း အဆိုးဆုံး အဆင့်ထိ ကျဆင်းလာပါတယ်။

ဇာခါရိုဗာက အမေရိကန်ဟာ ရုရှားကို သွယ်ဝိုက်စစ်ပွဲ ဆင်နွှဲဖို့အတွက် ယူကရိန်းကို အဆုံးစွန်ထိ စစ်တိုက်ခိုင်းချင်နေတာ ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း အဆုံးသတ်မှာတော့ အမေရိကန်ဟာ ဗီယက်နမ်နဲ့ အာဖဂန် နစ္စတန် စစ်ဆင်ရေးတွေတုန်းကလို အရှက်တကွဲ အခြေအနေနဲ့သာ ကြုံရမှာ သေချာကြောင်း ပြောပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်ဟာ ယူကရိန်းသားတွေကို သေနတ်ပြောင်းဝမှာ တဖြုတ်ဖြုတ်သေအောင် စတေးခိုင်းထားတာနဲ့ ဘာမှ မခြားကြောင်း၊ ဒါပေမဲ့ အမေရိကန်ဟာ စစ်ပွဲမှာ ယူကရိန်း အနိုင်ရနိုင်တယ်ဆိုတဲ့ဖက်က လောင်းကြေးထပ်လို့ မရတော့မှန်း ကောင်းကောင်း သဘောပေါက်သွားလောက်ပြီဖြစ်ကြောင်း ဇာခါရိုဗာက ဆိုပါတယ်။

အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့တွေ ပေးပို့မယ့် ကိစ္စကို လွှတ်တော် ဆုံးဖြတ်ချက် အတည်မပြုနိုင်ဘဲ လအတော်ကြာ ကြန့်ကြာနေခဲ့ပြီး အဲဒီ အတောအတွင်း ရုရှားဟာ စစ်မြေပြင်မှာ ရလဒ်ပိုင်း အသာစီး အခြေအနေတွေကို ပိုင်ဆိုင်လာခဲ့ကြောင်းလည်း သိရပါတယ်။

Ref: AP