တရားဝင် ကာစီနိုလုပ်ငန်းတွေ လည်ပတ်ခွင့်ပြုရေး စဉ်းစားနေတယ်လို့ ထိုင်းအစိုးရပြော

မတ် ၊ ၂၉

ကာစီနို လောင်းကစားရုံတွေကို ပြည်တွင်းမှာ တရားဝင် လုပ်ကိုင်ခွင့်ပြုဖို့ စဉ်းစားနေကြောင်း ထိုင်းအစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

 ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က အစိုးရဟာ ကာစီနိုတွေကို တရားဝင် ခွင့်ပြုပေးနိုင်ရေး အဆိုတရပ်ကို လွှတ်တော်ဆီ တင်သွင်းဖို့ အလေးအနက် စဉ်းစားနေတယ်လို့ ဆိုပါတယ်။ တကယ်လို့ အဲဒီ ဥပဒေကြမ်း တင်သွင်းဖြစ်ပြီး အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ပြည်တွင်းမှာ ဖျော်ဖြေရေး ပရောဂျက်ကြီးတွေ အကောင်အထည် ဖော်လာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ အများအပြား ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ ဆရက်သာက မတ်လ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

 လက်ရှိ ဥပဒေတွေ အရတော့ ကာစီနိုတွေဟာ ထိုင်းနိုင်ငံမှာ တရားမဝင်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဥပဒေအရ တရားဝင် ခွင့်ပြုထားတဲ့ လောင်းကစားဆိုလို့ မြင်းပြိုင်ပွဲတွေနဲ့ ထီလုပ်ငန်းတွေသာ ရှိပါတယ်။ ဒါပေမဲ့လည်း ဘောလုံးပွဲ လောင်းတာမျိုး၊ တရားမဝင် ကာစီနို ဖွင့်လှစ်တာမျိုးတွေကတော့ နိုင်ငံအနှံ့မှာ ရှိနေပါတယ်။

 ထိုင်းမှာ ဆရက်သာ ဦးဆောင်တဲ့ အစိုးရ အာဏာရလာချိန် ကတည်းက ကိုဗစ်နောက်ဆက်တွဲ ယိမ်းယိုင်ခဲ့တဲ့ နိုင်ငံစီးပွားရေးကို အရှိန်အဟုန် မြှင့်တင်ဖို့ ကြိုးစားလာခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဆွဲဆောင်နိုင်ရေးနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေက အဓိက ဦးစားပေး အဆင့်မှာ ပါဝင်ခဲ့ပါတယ်။

 တကယ်လို့ ထိုင်းမှာ ကာစီနိုရုံကြီးတွေ တရားဝင် လည်ပတ်ခွင့် ပြုလိုက်မယ်ဆိုရင် ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု များပြားလာပြီး အရှေ့တောင်အာရှ ဒေသရဲ့ ဒုတိယ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံအတွက် ကောင်းကျိုးတွေ ပိုမိုရရှိစေမယ်လို့ ဆရက်သာက ယုံကြည်နေပါတယ်။

 ထိုင်းနိုင်ငံမှာတော့ လူထုအမြင်အရ တရားဝင် ကာစီနို လောင်းကစားရုံကြီးတွေ လည်ပတ်ခွင့်ပေးရေးဟာ လူကြိုက်အရမ်းများတဲ့ ကိစ္စမျိုး မဟုတ်ဘဲ ဖြစ်နေပါတယ်။

 အရင်က ထိုင်းအစိုးရ တချို့ဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးတာ၊ အဆိုတင်တာတွေ လုပ်ခဲ့ဖူးပေမယ့် လူထု သဘောဆန္ဒကို ဆန့်ကျင်ပြီး ရှေ့တိုးတဲ့ အဆင့်ထိတော့ ဘယ်တုန်းကမှ မရောက်ခဲ့ပါဘူး။

 ထိုင်းမှာ တရားမဝင် ကာစီနိုတွေလည်း ရှိပေမယ့် လောင်းကစား ဝါသနာပါသူ အများစုကတော့ အိမ်နီးချင်း ကမ္ဘောဒီးယားကိုသာ သွားရောက် လောင်းကစားလေ့ ရှိပါတယ်။ ကာစီနို လုပ်ငန်းတွေ ခွင့်ပြုရေးအတွက် ထောက်ခံ အားပေးသူတွေကတော့ အဲဒီလို အခြေအနေမျိုးထက်စာရင် ပြည်တွင်းက ငွေကြေးကို ထိုင်းနိုင်ငံထဲမှာပဲ လည်ပတ်နေတာမျိုး ပိုပြီး ဖြစ်စေသင့်ကြောင်း ထောက်ခံ ပြောဆိုထားကြပါတယ်။  

 Ref: CNA