စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက် ပြည်ပအလုပ်ခေါ်စာအတုတွေနဲ့ လိမ်လည်မှုပိုများလာ

ဖေဖော်ဝါရီ၊ ၂၃
 
ပြည်တွင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌန်းလိုက်ပြီးနောက် ပြည်ပမှာ အထူးသဖြင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရမယ်ဆိုပြီး အလုပ်ခေါ်စာအတုတွေနဲ့ လိမ်လည်တာတွေ ပိုများလာနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
 
“အခုချိန်မှာ လူတွေက ပိုထွက်မယ်ဆိုတာ သူတို့သိတယ်လေ၊ သိတော့ များများရိုက်စားလုပ်မယ်ဆိုပြီး လုပ်လာကြတာပေါ့” လို့ ရန်ကုန်အခြေစိုက် အလုပ်သမားကူညီရေး အဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ပြည်တွင်းမှာ စစ်ကောင်စီပြဋ္ဌန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ရှောင်ချင်လို့ မြန်မာနိုင်ငံကနေ ထွက်ရအလွယ်ဆုံး ထိုင်းနိုင် ငံကို ထွက်ခွာနိုင်ဖို့ လူငယ်အများအပြား ကြိုးပမ်းလာကြချိန်မှာ အခုလို လိမ်လည်မှုတွေ ပိုများလာနေတာပါ။
 
Delta News Agency က တွေ့ခဲ့ရတဲ့ အလုပ်ခေါ်စာတခုမှာဆိုရင် ပြည်ပ အလုပ်အကိုင် အကျိုးဆောင်အေဂျင်စီ အမည်ခံ ကုမ္ပဏီတခုက ထိုင်းနိုင်ငံရှိ စက်ရုံတရုံမှာ အလုပ်လုပ်ဖို့ အလုပ်သမား အယောက်သုံးရာ ခေါ်ယူထားပါတယ်။
 
ဒါပေမယ့် အဲဒီ ကုမ္ပဏီဟာ လက်ရှိ စစ်ကောင်စီ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ တခုမဟုတ်တဲ့အတွက် အတုလို့ ကနဦး ယူဆရပြီး အတိအကျ အတည်ပြုနိုင်ဖို့ DNA က စုံစမ်းနေ ဆဲဖြစ်ပါတယ်။
 
ဥပဒေအရဆိုရင်တော့ ထိုင်းကို တရားဝင်အလုပ်သမားစေလွှတ်ခွင့်ကို ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေ ဂျင်စီ တွေကသာ လုပ်ခွင့်ရှိပြီး MOU လမ်းကြောင်းကနေပဲ စေလွှတ်ကြရတာပါ။
 
အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ အလုပ်သမားတွေအပေါ် လိမ်လည်မှုတွေဟာ ငွေကြေးလိမ်လည်မှုတွေရှိသလို လူကုန်ကူးဖို့အထိပါ လုပ်တာတွေရှိတယ်လို့ ပြောပါတယ်။
 
စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် တရားဝင်ပြည်ပကုမ္ပဏီတချို့နာမည်ကိုအသုံးပြုကာ အလုပ်သမား ရာချီခေါ်ယူဖို့ရှိ တယ်ဆိုပြီး ကိုယ်ရေးအချက်အ လက်တွေပေးပို့ဖို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြတာမျိုးတွေလည်းရှိနေတာကြောင့် လူမှုကွန်ရက် သုံးစွဲသူအချင်းချင်း သတိပြန်ပေးနေကြရတဲ့အခြေအနေတွေလည်းရှိနေပါတယ်။
 
“ဒီဟာက အခုမှမဟုတ်ဘူး၊ လိမ်တဲ့လူတွေကလည်း ဒီလူတွေပဲ လိမ်နေတာ၊ မဖမ်းနိုင်တာပေါ့နော်၊ အခုကျွန်မတို့ဆီ မှာ တောင် အလုပ်သမား သုံးယောက်က တယောက်ကို သိန်းနှစ်ဆယ်ပေးထားတာ ထိုင်းကို သွားဖို့ဆိုပြီး၊ အခုကျတော့ (လိမ်တဲ့လူကို)လုံးဝရှာလို့ မတွေ့တော့ဘူး” လို့လည်း အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
 
အဲဒီလို လိမ်လည်မှုတွေဟာ ထိုင်းတခုတည်းအတွက် မဟုတ်ဘဲ စင်ကာပူ၊ မလေးရှား၊ ဒူဘိုင်း စတဲ့ နိုင်ငံတွေမှာ အလုပ်ရမ ယ်ဆိုပြီး လိမ်လည်မှုတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
 
အများအားဖြင့်တော့ လိမ်လည်တဲ့လူတွေဟာ အလုပ်သမားတွေဆီက အကျိုးဆောင်ခအနေနဲ့ ငွေကြေးကျပ် သိန်းဆယ်ချီယူထား ပြီး အလုပ်ခွင်ကို အမှန်တကယ်မပို့ပေးဘဲ ထွက်ပြေးသွားကြတာပါ။
 
အလုပ်သမားတွေအနေနဲ့ကတော့ အခုလို အလိမ်မခံရအောင် အလုပ်ခေါ်ယူတဲ့ အကျိုးဆောင်အေဂျင်စီက ပြည်ပအလုပ်အ ကိုင်အကျိုးဆောင် လိုင်စင်ရထားတဲ့ အေဂျင်စီ ဟုတ် မဟုတ် အဓိက လေ့လာဖို့လိုအပ်ပြီး အလုပ်သမားကူညီပေးရေး အဖွဲ့တွေမှာလည်း အကူအညီတောင်း စုံစမ်းနိုင်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်။
 
“(လိုင်စင်ရ)အေဂျင်စီ မဟုတ်ဘဲနဲ့ လူပို့လို့မရဘူးဆိုတာတော့ သိရမယ်လေ၊ လမ်းမှာတွေ့တဲ့ ငါ နိုင်ငံခြားကိုပို့တယ်ဆိုတဲ့ လူကို ငွေပုံပြီး ပေးတယ်ဆိုရင်တော့ မဟုတ်သေးဘူးလေ” လို့ အထက်ပါ ရန်ကုန်အခြေစိုက် အလုပ်သမားကူညီရေး အဖွဲ့တခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ လိုင်စင်ရရှိထားတဲ့ ပြည်ပ အလုပ်အကိုင်အကျိုးဆောင် အေဂျင်စီ ၅၄၇ ခုရှိပေမယ့် အဲဒီထဲက တဝက်လောက်တောင် ပြည်ပကို အလုပ်သမား မပို့နိုင်ကြဘူးလို့ သိရပါတယ်။
 
အဲဒီလိုအခြေအနေမှာပဲ လိုင်စင်မရထားတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီ အမည်ခံ အဖွဲ့တွေက ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ခွင့်ရမယ်ဆိုပြီး အလုပ်သမား ရာချီခေါ်ယူနေတာတွေ ရှိနေတာပါ။
 
ရန်ကုန်မှာတော့ အခုလို အေဂျင်စီ အမည်ခံပြီး လိမ်လည်နေတဲ့အဖွဲ့တွေ အများအပြားရှိနေပြီး အဲဒီအဖွဲ့တွေကို အလုပ်သ မားအရေး လှုပ်ရှားတဲ့အဖွဲ့တွေက လိပ်စာအတိအကျနဲ့တိုင်ကြားတာမျိုးတွေရှိပေမယ့် စစ်ကောင်စီလက်အောက်ခံ အာဏာ ပိုင်တွေက ထိထိရောက်ရောက် ဖမ်းဆီးအရေးယူတာ မရှိဘူးလို့ပြောကြပါတယ်။
 
လက်ရှိမှာတော့ ထိုင်းနိုင်ငံထဲကို တရားဝင် MOU စနစ်နဲ့ အလုပ်လာရောက် လုပ်ကိုင်တဲ့ သူတွေတောင် အမှန်တကယ် အလုပ်မရဘဲ လိမ်လည်ခံရတာတွေ ရှိနေတယ်လို့လည်း ထိုင်းအခြေစိုက် အလုပ်သမားအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ ဆီကနေ သိရပါတယ်။
 
“အခု MOU စနစ်နဲ့ လာတဲ့လူတွေတောင်မှ စာချုပ်ချုပ်ထားတာကတနေရာ လုပ်ငန်းက တနေရာ၊ တချို့ဆို စာချုပ်ထဲမှာပဲ သူတို့က ပြထားတာ၊ အသီးရုံတခုကို စာချုပ်ချုပ်တယ်၊ ဒါပေမယ့် အဲဒီအသီးရုံက စာချုပ်ထဲမှာပဲ ရှိတယ်၊ တကယ် လက်တွေ့မှာ လုပ်ငန်းမရှိဘူး” လို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့(WAG)ရဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက DNA ကို ပြောပါတယ်။
 
တဖက်မှာလည်း စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေ ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းတွေကနေ ထွက်ခွာ တာ များလာနေတဲ့အချိန် ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေနဲ့အညီ အရေးယူမယ်လို့ သတိပေးပြောဆိုထားပါတယ်။
 
ဒါပေမယ့် ထိုင်းဝန်ကြီးချုပ်က အဲလိုသတိပေးပြီးနောက်မှာတော့ စစ်မှု မထမ်းချင်လို့ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေ ကို အရေးမယူဘဲ လက်ခံပေးဖို့နဲ့ ယာယီ အလုပ်လုပ်ကိုင်ခွင့်ပြုပေးဖို့ အတိုက်အခံ FAIR ပါတီရဲ့ လွှတ်တော် အမတ်တ ဦးဖြစ်တဲ့ ကန်နက်ဗီး ဆူယက်ဘ်ဆန်က ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။
 
လက်ရှိမှာတော့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းတွေကနေ ဝင်လာတဲ့ မြန်မာလူငယ်အ များအပြားလည်း ပွဲစားတွေရဲ့ လိမ်လည်ခံရတာ၊ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရတာတွေ ဆက်တိုက်ကြုံနေရပါတယ်။
 
ဓာတ်ပုံ – DNA
ပုံစာ – နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့စောင့်ဆိုင်းနေတဲ့ လူငယ်တချို့