ဧရာဝတီမှာ ပျူစောထီး အဖွဲ့ဝင်သစ်တွေကို မဲစနစ်နဲ့ စုဆောင်းနေ

ဖေဖော်ဝါရီ၊ ၂၃
 
ဧရာဝတီတိုင်းရှိ ပုသိမ်၊ ကျုံပျော်၊ သာပေါင်း၊ ကန်ကြီးထောင့် နဲ့ ငပုတော မြို့နယ်အတွင်းက ရွာတွေမှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီး အဖွဲ့ဝင်အသစ်တွေကို မဲစနစ်နဲ့ စုဆောင်းနေတယ်လို့ ဒေသခံတွေ က DNA ကို ပြောပါတယ်။
 
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်တဲ့ ဧရာဝတီတိုင်း စစ်ကောင်စီရဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကိုယ်တိုင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ပြည်သူ့စစ် အမည်ခံ ပျူစောထီး အဖွဲ့ဝင်ဟောင်းတွေကို ယူနီဖေါင်းတွေ ပေးကာ ပျူစောထီး အဖွဲ့ဝင်သစ်တွေနဲ့ စစ်ကောင်စီ တပ်သားသစ်တွေ စုဆောင်းခိုင်းတာလို့ ဆိုပါတယ်။
 
“မဝင်ချင်တဲ့သူက များနေတယ် စည်းရုံးလို့မရဘူး ကိုယ်တိုင် စာရင်းပေးတဲ့သူက မရှိဘူးဆိုတော့ မဲစနစ်နဲ့ တရွာကို ငါးယောက် အနည်းဆုံး စုပေးရတယ်၊ စစ်တပ်က ရွာကို အညှိုးထားပြီး ဒုက္ခပေးမှာကြောက်လို့ ရွာသားတွေကို ဖြောင်းဖြပြီး မဲနိုက်ခိုင်းရတယ်” လို့ ပုသိမ်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
အထူးသဖြင့် ကျေးလက် ဒေသတွေမှာပျူစောထီး အဖွဲ့ဝင်သစ်တွေကို စုဆောင်းနေတာဖြစ်ပြီး ရွာခံ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး မဖြစ်မနေ အချိုးကျပါဝင်ရကာ ပုသိမ်မြို့နယ် ကန်ကြီးထောင့် မြို့နယ်နဲ့ ငပုတောမြို့နယ်တို့က လူတွေက ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ စစ်သင်တန်း တက်ရမှာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ အရာရှိတချို့က ပြောပါတယ်။
 
သာပေါင်း မြို့နယ်က လူတွေ နဲ့ ကန်ကြီးထောင့် မြို့နယ် ရွာတချို့ကလူတွေက သာပေါင်းမြို့ အခြေစိုက် ခလရ ၃၀၈ တပ်ရင်း နဲ့ ကျုံပျော်မြို့နယ်က လူတွေကတော့ ကျုံပျော်မြို့ အခြေစိုက် ခလရ ၃၆ တပ်ရင်းမှာ စစ်သင်တန်း တက်ရမယ်လို့ ဆက်သိရပါတယ်။
 
“အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်း နေရတာပါ၊ ရွာမှာနေတဲ့ တောသူတောင်သားတွေ အများစု က သူတို့ (စစ်ကောင်စီ) ကို မလိုလားဘူး၊ ခက်တာက ပြေးစရာက မြေမရှိဘူး ခုနေအခါမှာ ပြန်ချဖို့ကလည်း ခက်ပါတယ်၊ သူတို့ကိုချနေတဲ့ သူတွေ(တော်လှန်ရေးတပ်) ရောက်လာရင်တော့ ပူးပေါင်းဖို့ ဒုက္ခခံပြီး စောင့်နေ တယ်” လို့ ငပုတောမြို့နယ်က ရွာတရွာမှာနေထိုင်သူ ကိုထွန်းအေး က ပြောပါတယ်။
 
စစ်ကောင်စီဟာ အဖက်ဖက်က ကျရှုံးနေတဲ့ နိုင်ငံရေး စစ်ရေး အခြေအနေကို မြင့်တင်နိုင်ဖို့ စစ်သည်အင်အားနဲ့ ငွေကြေးအင်အား စုဆောင်းရာမှာ လွဲမှားတဲ့ အဓမ္မနည်းလမ်းတွေကို အသုံးပြုနေတာကြောင့် တပ်ပျက်မှာ ကျိန်းသေတယ်လို့ စစ်မှုထမ်းဟောင်းတချို့က ဝေဖန်ပါတယ်။
 
ပျူစောထီး အဖွဲ့ ရံပုံငွေအတွက် ကျေးရွာနေ အိမ်ထောင်စုတွေက တအိမ်ကို တလ နှစ်ထောင် ကျပ်နှုန်း အနည်းဆုံးစုဆောင်း ပေးရပြီး ပျူစောထီးအဖွဲ့ဝင် ဖြစ်သွားသူရဲ့ ရွာမှာကျန်ရစ်တဲ့ မိသားစုကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နဲ့ ရွာသူရွာသားတွေက တာဝန်ယူထောက်ပံ့ပေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
 
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ကျေးရွာအုပ်စု ၇၀ ကျော် မှ ၉၀ ကျော်အထိ ဖွဲ့ထားပြီး ကျေးရွာအုပ်စု တစုကို ကျေးရွာပေါင်း ၅ ရွာမှ ၁၀ ရွာ အကြားရှိကာ ပြည်ထောင်စု စာရင်းဝင် အမည်ပေါက် တရွာကို အိမ်ထောင်စု ၄၀ ကနေ ၁၀၀ ကျော် အထိရှိတယ်လို့ ပြည်သူ့အင်အားနဲ့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းကတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာထဲမှာ လုံခြုံရေးယူဖို့ စေလွှတ်လိုက်တဲ့ ဧရာဝတီတိုင်းဒေသခံ ပျူစောထီးတချို့ကို ဒေသခံကာကွယ်ရေးတပ်တွေက ဖမ်းမိခဲ့တာရှိပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ဧရာဝတီတိုင်းက ပြည်သူ့စစ်(ပျူစောထီး) အဖွဲ့ဝင်တချို့ကို တွေ့ရစဉ်