မြေပုံမြို့နယ်မှာ စစ်တပ် လေကြောင်းဗုံးကြဲလို့ အရပ်သားတဦး ထပ်မံသေဆုံး၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

မတ် ၂၃

မြေပုံမြို့နယ် သရက်တောင်ကျေးရွာနဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ဒီနေ့နေ့လည်ပိုင်းမှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးလာကြဲခဲ့တာကြောင့် သက်ကြီးအမျိုးသားတဦး သေဆုံးကာ တဦးဒဏ်ရာရသွားခဲ့ပြီး ရွာလုံးကျွတ်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားမှုတစုံတရာမရှိဘဲ သရက်တောင်ရွာထဲကို နေ့လည် ၁၂ နာရီဝန်းကျင်မှာ တကြိမ်၊ နေ့လည်နှစ်နာရီဝန်းကျင်မှာ တကြိမ် နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“ခေါင်းပေါ်ကနေ ဆယ်၊ ကိုးပတ် ပတ်ပြီး ဝဲတယ်၊ ပစ်တယ်၊ ပထမတခေါက်လာတုန်းက ဗုံးသုံးလုံးချတယ်၊ နောက်တခေါက်လာတော့ လေးလုံးထပ်ချတယ်၊ ရွာမှာ တယောက်မှ မနေရဲတော့ဘူး၊ အကုန်ပြေးနေကြရတယ်”လို့ သရက်တောင်ရွာသားတဦးက DNA ကို ပြောပါတယ်။

အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် သရက်တောင်ရွာအနီး ပုဇွန်ကန်မှာ အစောင့်နေတဲ့ အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး သရက်တောင်ရွာသားတဦးလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သရက်တောင်ရွာအနီးရှိ တောင်တန်းမှာလည်း မီးလောင်နေတာတွေ့ရပြီး ရွာထဲရှိ နေအိမ်တွေကို မီးကူးနိုင်တယ်လို့ ဒေသခံတွေက ဒီကနေ့နေ့လည်ပိုင်းက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က မတ်လ ၂၂ ရက်နေ့ကလည်း သရက်တောင်ရွာအနီးရှိ ညောင်ကန်၊ တောင်ပေါက်၊ ကမ်းထောင်းကြီးတို့နဲ့အနီးတဝိုက်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညောင်ကန်ရွာမှ ဆရာတော်အပါအဝင် အရပ်သားတဆယ်ကျော် ဒဏ်ရာရကာ လူနေအိမ် ဆယ်ချီလည်း မီးလောင်သွားခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲတစုံတရာမရှိဘဲ အရပ်သားပြည်သူတွေကို အခုလိုအငြိုးထား တိုက်ခိုက်နေတာကြောင့် သရက်တောင်၊ ညောင်ကန်၊ တောင်ပေါက်ရွာတို့မှ ဒေသခံတွေဟာ ဘေးလွှတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“တောထဲ ပြေးသူပြေး၊ လယ်ကွင်းထဲ ဆင်းပြေးသူပြေးနဲ့ ရွာမှာ မနေရဲတော့ဘူးလေ၊ အလိုလိုနေရင်းနဲ့ ရွာထဲတွေကို ပစ်နေတာ၊ တော်တော်ယုတ်မာကြတယ်”လို့ ညောင်ကန်ရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲနေတဲ့ သရက်တောင်၊ ညောင်ကန်ရွာတို့ဟာ မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်တို့အစပ်နေရာမှာ တည်ရှိပြီး အမ်းမြို့နဲ့ မိုင်နှစ်ဆယ်ကျော်ကွာဝေးပါတယ်။ မြေပုံမြို့နယ်ဟာ ရက္ခိုင့်တပ်တော်(AA)က အလုံးစုံသိမ်းပိုက်ထားတဲ့မြို့နယ်တွေထဲက တခုအပါအဝင်ဖြစ်ပါတယ်။

AA ဟာ ရခိုင်ဒေသတိုက်ပွဲကာလ လေးလကျော်အတွင်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ရှစ်ခုကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ကလည်း အဲဒီလက်လွှတ်ခဲ့ရတဲ့မြို့နယ်တွေရှိ ဆေးရုံ၊ စာသင်ကျောင်း၊ စစ်ရှောင်တွေခိုလှုံရာနေရာစတဲ့ စစ်ရေးနဲ့မဆိုင်တဲ့ အရပ်ဖက်နေရာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်တိုက်ခိုက်နေတာပါ။

DNA က ကောက်ယူ၊ ပြုစုထားတဲ့ အချက်အလက်တွေအရ AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေမှာ သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရသူ ခြောက်ဆယ်၀န်းကျင်နဲ့ ဒဏ်ရာရသူ ၁၅၀ ၀နျးကငြျရှိပွီဖွဈပါတယျ။

စစ်ကောင်စီတပ်ဟာ လက်လွှတ်ခဲ့ရတဲ့မြို့နယ်တွေအပြင် တိုက်ပွဲဖြစ်ပွားမှုလုံး၀မရှိတဲ့မြို့နယ်တွေမှာလည်း အရပ်သားလူနေရွာတွေ၊ စျေးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်တာတွေလုပ်နေပြီး အရပ်သားသေဆုံးရမှုတွေ ဆက်တိုက်ရှိနေပါတယ်။

ရခိုင်ဒေသတိုက်ပွဲတွေစခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သုံးလတာကာလအတွင်း စစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့် သေဆုံးရသူ အရပ်သား ၁၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၅၇ ဦးထိရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ့ရဲ့ လူသားချင်းစာမှုဆိုင်ရာညှိနှိုင်းပေါင်းစပ်ရေးရုံး(UNOCHA)ကလည်း ရခိုင်ဒေသတိုက်ပွဲတွေကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးရပြီး ထိခိုက်ဒဏ်ရာရသူ လေးရာကျော်ရှိခဲ့တယ်လို့ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။