စစ်ကောင်စီလေကြောင်းကတိုက်လို့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံး

မေ၊ ၃၀

ချင်းပြည်နယ်၊ ဟားခါးနဲ့ ထန်တလန် ကြား သီးမစ် လွင်ပြင်ဒေသကို စစ်ကောင်စီက မေလ ၂၉ ရက်က မနေ့က လေကြောင်း နဲ့တိုက်ခိုက်ခဲ့တာကြောင့် ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ ဝင် ၁၁ ဦးကျဆုံးခဲ့တယ်လို့ CNDF တပ်မဟာ ၁ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“ သီးမစ်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွား နေတဲ့ချိန် လေယာဉ်နဲ့ ဗုံးကြဲတာ။ အခုလိုတွေ လေကြောင်းရော ကုန်းကြောင်းနဲ့ ပါတိုက်ခိုက်ခံရတော့ အခုလို အထိအခိုက် အကျဆုံးတွေ များတာ “ အဲဒီတာဝန်ရှိသူက လို့ပြောပါတယ်။

သီးမစ်လွင်ပြင်ဒေသအနီး လုံခါရ် နဲ့ သီးမစ် အောက်ပိုင်းဖက် ကို စစ်ကောင်စီ တပ်က  အင်အား ၂၀၀ ဝန်းကျင်နဲ့ အပြင်းအထန်စစ်ကြောင်းထိုးနေချိန်မှာ လေကြောင်းနဲ့ပါတိုက်ခိုက်ခဲ့တာကြောင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ဝင် ၁၁ ဦးကျဆုံးခဲ့တယ်လို့ပြောပါတယ်။

အဲဒီလိုတိုက်ခိုက်တာကြောင့်  CDF ဟားခါးမှ ရှစ်ဦး၊  CDF ဇိုးဖိုင်းမှ တဦးနဲ့ ချင်းအမျိုးသား  တပ်ဦး CNAမှနှစ်ဦး စုစုပေါင်း ၁၁ ဦးကျဆုံးပြီး  CDFခွန်ကျုံး ၊  CDF ဇိုးဖိုင်း၊ဟားခါးနဲ့  CAN တို့မှ ရဲဘော်တွေပြင်းပြင်းထန်ထန်ဒဏ်ရာရပေမဲ့အရေအတွက်မသိရပါဘူး။

နှစ်ဖက်တိုုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိ၊ မရှိနဲ့ နေအိမ်တွေထိခိုက်မှု ရှိ၊ မရှိစတာတွေမသိရသေးပေမဲ့ ရာနဲ့ ချီတဲ့ ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး နီးစပ်ရာကျေးရွာစစ်ဘေးကနေလွတ်အောင် ရှောင်တိမ်းနေရပါတယ်။

လက်ရှိချင်းဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားဖြစ်နေတဲ့တိုက်ပွဲတွေမှာ  စစ်ကောင်စီတပ်ဘက်က အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတွေကိုတော့ DNA သတင်းဌာနအနေနဲ့ သိရှိတာ မရှိသေး ပါဘူး။

အခုလို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးမှုဟာ ဒီနှစ်ဇန်နဝါရီလက ထန်တလန်မြို့နယ်အတွင်းက ချင်းအမျိုးသာတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ တပ်ဖွဲ့ဝင်ငါးဦးကျဆုံးအပြီး အရေအတွက် အများဆုံးကျဆုံးမှုလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ  မေလ ၂၅ရက်ကစပြီး ချင်းဒေသ ကာကွယ်ရေးတပ်တွေတပ်စွဲထားတဲ့  ဟားခါးနဲ့ ထန်တလန်ကြားကိုလေကြောင်းနဲ့ သာမက မြေပြင်ကပါ စစ်ကြောင်းထိုးပြီး အပြင်းအထန်ထိုးစစ် ဆင်နေတဲ့ အပြင် လက်နက်ကြီးနဲ့ပါ လိုသလိုပစ်ကူပေးနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိ်မ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း လက်ကိုင်ကိုင်တော်လှန်မှုပြင်းထန်တဲ့ ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၀၀ ဝန်းကျင်၊ ဗုံးအလုံးရေ ၃၅၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO )က ထုတ်ပြန်ထားပါတယ်။

အဲဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသကာကွယ်ရေးတပ်သားတွေအပါအဝင် အရပ်သား ၄၀ ကျော်သေဆုံးပြီးကလေးသူငယ်တွေအပါအဝင်  လူပေါင်း တရာကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုုက်ခိုက်မှု အကြိမ်ပေါင်း ၂၀၀ ဝန်းကျင်မှာ ပြီးခဲ့တဲ့ ဧပြီလ တလတည်း အကြိမ်ရေငါးဆယ်ကျော်ပြုလုပ်ရာမှာ ဗုံးအလုံးတရာနီးပါးအသုံးပြုခဲ့ပြီး ၂၁ ဦးသေဆုံးရာမှာ အရပ်သား ၁၇ ဦးပါဝင်သလို လူပေါင်း ၄၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

ချင်းပြည်နယ်ရဲ့ မြို့နယ် ကိုးမြို့နယ်မှာ မြို့ပေါ်ကလွဲရင် ကျေးလက်ဒေသအားလုံးနီးပါးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့အတွက် စစ်ကောင်စီဟာ ၂၀၂၁ခုနှစ်၊ ၂၀၂၂ ခုနှစ်တွေထက် ဒီနှစ်မှာ လေကြောင်းကပိုမိုတိုက်ခိုက်လာတာလို့လည်း CHRO  ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

‘’စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ဆင်ရေးတွေမှာ မလုပ်လာနိုင်တဲ့အတွက် လေကြောင်းပိုအားပြုပြီး တိုက်ခိုက်လာတယ်’’ လို့ CHRO တာဝန်ရှိသူက DNAကိုမကြာသေးခင်က ပြောထားပါတယ်။

ပုံစာ-ချင်းပြည်နယ်၊ဟားခါးမြို့၊ချွန်ကျုံးရွာမှာ ဧပြီလ၃၀ရက်ကတော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်အကြားတိုက်ပွဲမှာကျဆုံးခဲ့တဲ့CNAတပ်ဖွဲဝင်တဦးစျာပနကိုတွေ့ရစဉ်။