ဒီးမော့ဆိုမှာ လေကြောင်းက တိုက်လို့ ဘာသာရေးအဆောက်အအုံနဲ့ တံတားတစင်းပျက်စီး

သြဂုတ် ၂၄

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံရွာအနီးကို စစ်ကောင်စီတပ်က သြဂုတ်လ ၂၃ ရက် ၊ည ၁၀ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ခရစ်ယာန်ဘာသာရေးအဆောက်အအုံတခုနဲ့ ကွိုင်ငံရေထွက်ပေါက်က တံတားတစင်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“လူထိခိုက်မှုတော့ မရှိဘူး၊ လာကြဲတာကတော့ တကြိမ်ပဲ။ အဲနားမှာတိုက်ပွဲလည်းမဖြစ်ဘူး၊ တိုက်ပွဲဖြစ်တာက ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီးဘက်မှာပဲ ဖြစ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကက်သလစ်ဘာသာဝင်တွေရဲ့ မယ်တော်ဂူကတော့ သွပ်ခေါင်မိုးတွေ ပျက်စီးခဲ့ပြီး အရှည် ပေသုံးဆယ်လောက်ရှိတဲ့ ကွိုင်ငံရေထွက်ပေါက် သစ်သားချောင်းကူးတံတား ပြတ်တောက်သွားခဲ့ပါတယ်။

ဒီးမော့ဆို-ဖရူဆို ကားလမ်းမနဲ့ သုံးမိုင်လောက်အကွာက ကွိုင်ငံရွာရဲ့ တောင်ဘက်ခြမ်း တမိုင်အကွာလောက်မှာရှိတဲ့ အဲဒီနေရာမှာ တောင်ကျရေစိမ့်ထွက် စီးဆင်းနေတဲ့ ချောင်းရှိလို့ ကွိုင်ငံရေထွက်ပေါက်လို့ ခေါ်ကြတာပြီး စစ်အာဏာသိမ်းမှုမဖြစ်ခင်ကတော့ ဒေသခံတွေ သွားရောက်အပန်းဖြေ နားယူလေ့ရှိတယ်လို့ သိရပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာအနီးတဝိုက်မှာတော့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လာရောက်ရှောင်တိမ်းနေကြတဲ့ စစ်ဘေးရှောင်တချို့ နေထိုင်ကြတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အလားတူပဲ သြဂုတ်လ ၂၃ ရက်မှာပဲ ဖရူဆိုမြို့အခြေစိုက် အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးသင်တန်းကျောင်းကနေ အနီးအနားရှိ ကျေးရွာတရွာကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် အသက် ရှစ်နှစ်ကနေ ဆယ်နှစ်ကြား ကလေးငယ်သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်ကတည်းက ဒီးမော့ဆိုကနေ ဖရူဆိုဘက်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းတလျှောက် ကရင်နီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေကိုလည်း မကြာခဏ ပြုလုပ်နေပါတယ်။