ရေဖြူမြို့နယ်က စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီး

 

မတ်၊ ၂၃

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မင်းသားကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မတ်လ ၂၃ ရက် မနက် အစောပိုင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ကာ စခန်းကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ မွန်ပြည်တော် လှန်ရေးတပ် (MSRF)ပြောခွင့်ရ နိုင်နဂါးက DNAကိုပြောပါတယ်။

“မနက်အစောကြီး ပူးပေါင်းအဖွဲ့တွေနဲ့ ဝင်ပစ်တာပေါ့နော်၊ နှစ်နာရီလောက်(တိုက်ပွဲ)ဖြစ်ပြီး စခန်းကို သိမ်းနိုင်ခဲ့တယ်၊ ပုံမှာ မြင်တဲ့အတိုင်းပဲ စခန်းကို မီး ရှို့ဖျက်ဆီးခဲ့တာပေါ့”လို့ သူက ပြောပါတယ်။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အနောက်မြောက်ဘက် မိုင်နှစ်ဆယ်လောက်အကွာမှာ ရှိတဲ့ မင်းသားကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက် မနက် ၅ နာရီမှာ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအ ဖွဲ့ဝင် စုစုပေါင်း အင်အား ၇၀ ဝန်းကျင်တပ်စွဲထားပြီး မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF)၊ ရေးသိမ်းငှက်တပ်ဖွဲ့၊ Ye Defense Force (YDF)၊ Ye Air Force၊ ဒေါနတပ် ခွဲ-၃၊ ၄၊ ၆၊ ၇၊  ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(KBDF)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့(DDT)၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊ ထား ဝယ်ခရိုင်တပ်ရင်း(၁)ပူးပေါင်းအဖွဲ့တွေက တိုက် ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။

နှစ်ဖက် နှစ်နာရီကြာအပြန်အလှစ်ပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်က အထိနာပြီး ထွက်ပြေးသွားတာကြောင့် စခန်းကို သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဆယ်ဦးသေဆုံးပြီး တော်လှန်ရေးအင်အားစုဘက်က တဦးကျဆုံးကာ တဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ရန်သူအလောင်း ဆယ်လောင်းတွေ့တယ်၊ ရန်သူဘက်က လက်နက်ကြီးဆက်တိုက်ပစ်တာတော့ ရှိတယ်” လို့ MSRF ပြောခွင့်ရက ဆိုပါတယ်။

ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသလို DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ 

ဒါ့အပြင် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေချိန်မှာ မင်းသားကျေးရွာအပါအဝင်အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံရာချီဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး တိုက်ပွဲပြီးဆုံးချိန်မှာလည်း မောရဝတီရေတပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေသေးတာကြောင့် ဒေသခံတွေနေရပ်မပြန် လာရဲကြသေးဘူးလို့ ဆိုပါတယ်။

တဆက်တည်းမှာ ဒီကနေ့မနက် ၁၀ နာရီကလည်း ရေး-ထားဝယ်အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ မလွှဲတောင် စစ်ရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးလေးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိမရှိဆိုတာကိုတော့မသိရသေးပါဘူး။

မလွှဲတောင်စစ်ဆေးရေးဂိတ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဒရုန်းလာရာလမ်း ကြောင်း တလျှောက်ကို လက်နက်ကြီးလက်နက် ငယ်တွေနဲ့ ပစ်ခတ်ခဲ့သလို ဖြတ်သန်းသွားလာခွင့်လည်း ယာယီပိတ်လိုက်တယ်လို့ ရေးဒေသခံတဦးက ပြောပါတယ်။

“ ပိတ်တာတော့ သိပ်မကြာဘူး၊ မွန်းလွဲပိုင်းလောက်မှာ ပြန်ဖွင့်သွားတာ၊ ဟိုဘက်ဒီဘက်ကားပိတ်တာ တရာ လောက်ရှိမယ်ထင်တယ်” လို့ သူက ပြောပါတယ်။

ရေး-ထားဝယ်ကားလမ်းပိုင်း မလွဲတောင်နဲ့ ကလိန်အောင်ကြားမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က အခုရက်ပိုင်းမှာ နယ်မြေစိုးမိုးမှုလုပ်ငန်းတွေ ဆက်တိုက်လုပ်နေပြီး စစ်ကောင်စီတပ်နဲ့ ပတ် သက် ဆက်နွယ်သူတွေ ဖြတ်သန်းသွားမှု ရှိ၊ မရှိ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်မှာ မလွဲတောင်တောင်ခြေ အလယ်စခန်းရွာရှိ စစ်ကောင်စီသစ် တောရုံးကို ပူးပေါင်းအဖွဲ့တွေက ရှင်းလင်းစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ – MSRF